သက်တံ့
၂၁. ၉. ၂၀၂၆
မလေးရှားနိုင်ငံ၊ ကိုတာဘာရူးမြို့၊ ကမ်ပုန်းပုဘော့ (Kampung Pok Boh) ဒေသရှိ တာမန် ဒေဆာကူဂျစ် (Taman Desa Kujid) အိမ်ရာဝင်း၌ စက်တင်ဘာ ၂၀ ရက် နံနက်အစောပိုင်းက မြန်မာဒုက္ခသည် အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့က လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အသက် ၁၈ နှစ်အရွယ် ဒုက္ခသည်အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း စက်တင်ဘာ ၂၀ ရက်ကူးစ စနေနေ့ည သန်းခေါင်ယံ ၁၂ နာရီ ၁၂ မိနစ်တွင် ကိုတာဘာရူးခရိုင် ရဲဌာနချုပ်က သတင်းရရှိခဲ့ခြင်းဖြစ်သည်ဟု ကလန်တန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒေတု မိုဟာမက် ယူးဆော့ဖ် မာမတ် (Datuk Mohd Yusoff Mamat) က ပြောကြားခဲ့သည်။
အကြိုစုံစမ်းစစ်ဆေးမှုများအရ အဆိုပါလူသတ်မှုသည် တာမန်ဒေဆာကူဂျစ်ရှိ မွတ်စလင်သုသာန်အနီးမှ အလုပ်သမားအဆောင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား လည်ပင်းတွင် ပြတ်ရှဒဏ်ရာများဖြင့် သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့ရသည်”ဟု ရဲတပ်ဖွဲ့မှူးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ရရှိထားသော သတင်းအချက်အလက်များပေါ် အခြေခံ၍ ရဲတပ်ဖွဲ့သည် တာမန်ဒေဆာကူဂျစ်၊ ပန်ဂျီ (Panji) ရှိ အိမ်နံပါတ်မရှိသော နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု အတည်ပြုခဲ့သည်။
ထို့နောက် အသက် ၂၂ နှစ်မှ ၃၈ နှစ်အရွယ်အတွင်းရှိ တရုတ်အမျိုးသားတစ်ဦး၊ မြန်မာအမျိုးသားနှစ်ဦးနှင့် မြန်မာအမျိုးသမီးတစ်ဦး စုစုပေါင်း လူလေးဦးကို ဖမ်းဆီးခဲ့ပြီး စီးနင်းမှုအတွင်း Mitsubishi Triton မော်တော်ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်း လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ဆေးချက်များအရ အဆိုပါ သံသယရှိသူများတွင် ယခင် ပြစ်မှုမှတ်တမ်းများ မရှိကြောင်း သိရသည်။ ၎င်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် စုံစမ်းစစ်ဆေးမှုများ အဆင်ပြေချောမွေ့စေရန် စက်တင်ဘာ ၂၅ ရက်အထိ ချုပ်မိန့် (ရမန်) ယူထားသည်။
ရဲတပ်ဖွဲ့မှူး မိုဟာမက် ယူးဆော့ဖ်က ဤဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူများနှင့် သတင်းအချက်အလက် သိရှိထားသူများအနေဖြင့် ကိုတာဘာရူးခရိုင် ရဲဌာနချုပ် စိစစ်ရေးခန်း ဖုန်းနံပါတ် 09-7752200 သို့မဟုတ် အနီးဆုံး ရဲစခန်းများသို့ ဆက်သွယ်အကြောင်းကြားပြီး စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းကူညီပေးကြပါရန် တိုက်တွန်းထားသည်။
Ref: The Star
