၂၀.၉.၂၀၂၆
Written by Linn Eain
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် စက်တင်ဘာ ၁၄ ရက်မှ ၁၉ ရက်အထိ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ သတင်းအချက်အလက်မျှဝေရေးနှင့် အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ အလက်ဇန္ဒား ဗော်ဖိုဗစ်ချ် (Mr. Aleksandr Volfovich)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့သို့ စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ လုံခြုံရေးကောင်စီရုံးမှ ပြည်ပရေးရာလုံခြုံရေးဌာနကြီးမှူး ဒီမီထရီ ဗစ်ထရိုဗစ် ရာဗင်ဟင် (Dmitry Viktorovich Ryabihin) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ဘယ်လာရုစ်နိုင်ငံ မဟာမျိုးချစ်စစ်ပွဲ သမိုင်းပြတိုက် (The Great Patriotic War Museum) ကို သွားရောက်လေ့လာခဲ့ပြီး စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင် (The Victory Monument) သို့ သွားရောက်၍ ပန်းခွေချအလေးပြုခဲ့ကြောင်း သိရသည်။
ယင်းနောက် တည်းခိုသည့် President Hotel တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်လုံခြုံရေးကော်မတီဥက္ကဋ္ဌ မစ္စတာ အီဗန် တာတယ် (Ivan Tertel) နှင့်တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ သတင်းအချက်အလက်မျှဝေရေးနှင့် အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ ဆက်လက်၍ ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၌ ပြည်ထဲရေးဝန်ကြီး မစ္စတာ အိုင်ဗန်ကူဘရာကော့ဗ် (Ivan Kubrakov)နှင့် တာဝန်ရှိသူတို့က အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အထူးတပ်ဖွဲ့ဌာနချုပ် အစည်းအဝေးခန်းမ၌ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် လေ့ကျင့်ရေးသင်တန်းဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် တည်းခိုသည့် President Hotel ၌ ဘယ်လာရုစ်သမ္မတနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ အလက်ဇန္ဒား ဗော်ဖိုဗစ်ချ် (Mr. Aleksandr Volfovich)နှင့် တွေ့ဆုံပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုကိစ္စရပ်များ၊ ယူရေးရှားပဋိညာဉ်ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ စသည့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက President Hotel ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ စစ်တက္ကသိုလ်သို့သွားရောက်လေ့လာရာ ဘယ်လာရုစ်သမ္မတနိုင်ငံ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဆိုဘိုးလ် ဒီမီထရီ(Sobol Dmitry)က ကာလအလိုက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုများ၊ ဘာသာရပ်ဆိုင်ရာ ပို့ချနေမှုများနှင့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားများ လက်ခံဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကာ စစ်တက္ကသိုလ်၌ သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညနေပိုင်းတွင် နိုင်ငံတော်မှုခင်းဆေးပညာ စစ်ဆေးရေးကော်မတီ (The State Forensic Examination Committee)၏ နိုင်ငံတော်မှုခင်း ဆေးပညာစစ်ဆေးရေးစင်တာသို့ သွားရောက်လေ့လာရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြောင်း၊ မှုခင်းဆေးပညာစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မစ္စတာ အလက်ဇီ ဗိုလ်ကော့ဗ် (Alexei Volkov) ဦးဆောင်သည့်အဖွဲ့များနှင့်တွေ့ဆုံကာ မှုခင်းကျဆင်းရေး၊ ရှာဖွေဖော်ထုတ်ရေး၊ မှုခင်းဆေးပညာနှင့် သက်သေအထောက်အထားများ စိစစ်ဖော်ထုတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုအခြေအနေ၊ အဖွဲ့အစည်းများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနသို့သွားရောက်၍ အရေးပေါ်အခြေအနေများဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ဆာဂေးလ် ဆာလန်နိုဗစ် (Sergey Salanovich) ဦးဆောင်သည့် အဖွဲ့များနှင့်တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ်ကြောင့် အဆောက်အအုံပြိုကျမှုများနှင့် ယာဉ်မတော်တဆမှုများတွင် ကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတုဗေဒပစ္စည်းများ သိုလှောင်သည့်စက်ရုံများ၏ လုံခြုံရေးအဆင့်အတန်း စစ်ဆေးခြင်းကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် ဆောင်ရွက်မှုအခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး အရေးပေါ်အခြေအနေများဆိုင်ရာဝန်ကြီးဌာန (Ministry of Emergency Situations)၏ ဘေးကင်းလုံခြုံရေးပညာရေးစင်တာကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့မှ ပြန်လည်ထွက်ခွာရာ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
