သက်တံ့
၁၈.၉.၂၀၂၆
အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်အပေါ် ကြီးလေးသော လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့မှု စွပ်စွဲချက်များဖြင့် တိမ်းရှောင်နေသူ လန်းစ် မိုက်ကယ် ဘက်ခ် (Lance Michael Beck) အား ထိုင်းနိုင်ငံ၊ ဖူးခက်တွင် လွန်ခဲ့သည့်လက ဖမ်းမိခဲ့ပြီးနောက် အယ်လာဘားမား (Alabama) ပြည်နယ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး လက်ရှိတွင် အာမခံမပေးဘဲ ထိန်းသိမ်းထားကြောင်း အမေရိကန် အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန် အာဏာပိုင်များက ဘက်ခ် တည်ရှိရာနေရာကို ရှာဖွေရန် အကူအညီတောင်းခံခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် သြဂုတ် ၂၉ ရက်က ဖူးခက်၌ ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းအား အမေရိကန်သို့ ပြန်လည်မလွှဲပြောင်းမီ ခေတ္တထိန်းသိမ်းထားခဲ့ပြီး ယခုအခါ အဆိုပါအမှုမှာ အမေရိကန် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။
ဘက်ခ်သည် စိန့်ကလဲယား (St. Clair) ကောင်တီတွင် အသက် ၁၂ နှစ်အောက် ကလေးသူငယ်တစ်ဦးနှင့် ပတ်သက်၍ ပထမအဆင့် မုဒိမ်းမှု၊ ပထမအဆင့် အဓမ္မပြုကျင့်မှု (Sodomy)၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ကလေးတစ်ဦးအား ခရီးသွားလာရန် စီစဉ်ပေးမှုနှင့် လူကုန်ကူးမှု စသည့် စွပ်စွဲချက် ၅ မှုဖြင့် ရင်ဆိုင်နေရကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။
ဘက်ခ်သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရပြီးနောက် အမေရိကန် အာဏာပိုင်များသည် တရားဥပဒေစိုးမိုးရေးမှ တိမ်းရှောင်ရန် တရားမဝင် ထွက်ပြေးမှု (Unlawful Flight to Avoid Prosecution) အတွက် ဖက်ဒရယ် ဖမ်းဝရမ်း ထုတ်ယူခဲ့ပြီး ၎င်း၏ တည်နေရာကို ရှာဖွေရန် ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရေးစစ်ဆင်ရေးတွင် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနခွဲ (IDMB)၊ လူဝင်မှုကြီးကြပ်ရေး အမှတ် (၃) ဌာနခွဲနှင့် ဖူးခက်ရှိ ဆာခူး (Sakhu) ရဲစခန်းတို့မှ စုံစမ်းစစ်ဆေးသူများ ပါဝင်ခဲ့ကြသည်။
ဖက်ဒရယ် ဖမ်းဝရမ်း ရရှိပြီးနောက် ၈ နာရီအတွင်း ထိုင်းရဲတပ်ဖွဲ့သည် ဘက်ခ် တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိကာ ဖူးခက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း FBI ၏ ဘာမင်ဂမ် (Birmingham) နယ်မြေရုံးက ပြောကြားခဲ့သည်။
ဖက်ဒရယ် ဖမ်းဝရမ်း ရရှိပြီး ၃ သီတင်းပတ်မပြည့်မီအချိန်၌ပင် ဘက်ခ်အား တရားဥပဒေအရ ရင်ဆိုင်ရန် အယ်လာဘားမားပြည်နယ်၊ ဘာမင်ဂမ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။
FBI ဘာမင်ဂမ် နယ်မြေရုံးမှ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ ဒေ့ဗ် ဖစ်ဇ်ဂစ်ဘွန်စ် (Dave Fitzgibbons) က အဆိုပါ စစ်ဆင်ရေး၏ လျင်မြန်မှုကို မြှင့်ထုတ်ပြောဆိုခဲ့ပြီး အမေရိကန် ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ထိုင်းမဟာမိတ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့သည်။
ယခုစစ်ဆင်ရေးသည် နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်ကျော်၍ တရားဥပဒေမှ ထွက်ပြေးတိမ်းရှောင်နေသူများကို ရှာဖွေရာတွင် FBI နှင့် ထိုင်းရဲတပ်ဖွဲ့အကြား ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ ပြသနေခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။
ဘက်ခ်အား စုံစမ်းစစ်ဆေးမှုများနှင့် တရားရုံးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း အယ်လာဘားမားရှိ စိန့်ကလဲယား ကောင်တီ အကျဉ်းထောင်တွင် အာမခံမရှိဘဲ ထိန်းသိမ်းထားသည်။
Ref: The Thaiger
