သက်တံ့
၁၈.၉.၂၀၂၆
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းအဆောက်အအုံတစ်ခုအနီး တည်ရှိသော ဗလီတစ်ခုတွင် ယနေ့ (စက်တင်ဘာ ၁၈ ရက် (သောကြာနေ့)) ဝတ်ပြုဆုတောင်းနေကြစဉ် ပြင်းအားမြင့် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သဖြင့် အနည်းဆုံး ၇ ဦး သေဆုံးပြီး ၃၀ ထက်မက ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် နယ်စပ်အနီး ခိုင်ဘာပက်တွန်ခွာ (Khyber Pakhtunkhwa) ပြည်နယ်၊ ကိုဟတ် (Kohat) ခရိုင်အတွင်း ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်း ကယ်ဆယ်ရေးအရာရှိ ဘီလင်း ဖိုင်ဇီ (Bilal Faizi) က ပြောကြားသည်။
ဒဏ်ရာရရှိသူ အများစုမှာ ဝတ်ပြုဆုတောင်းနေသူများ ဖြစ်ကြပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသဖြင့် သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ဆေးရုံအာဏာပိုင်များနှင့် ဆရာဝန်များက ပြောဆိုကြသည်။
တိုက်ခိုက်သူသည် မီးလောင်ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီးဖြင့် ဗလီအတွင်းသို့ ဝင်တိုက်ခဲ့ခြင်းဖြစ်ပုံရကြောင်း ပြည်နယ်ရဲချုပ် ဇူးဖီကာ ဟာမီးဒ် (Zulfiqar Hameed) က ပြောကြားသော်လည်း ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
အနည်းဆုံး သေနတ်သမား ၂ ဦးသည်လည်း ရဲစခန်းဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ရဲအရာရှိများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဆိုသည်။
ထိခိုက်ဒဏ်ရာရသူများကို အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှု ပြင်းထန်လွန်းသဖြင့် အနီးရှိ စေးဆိုင်များနှင့် နေအိမ်များပါ အပြင်းအထန် ပျက်စီးခဲ့သည်။ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် (Shehbaz Sharif) က ယခုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထိခိုက်သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကာ ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုမှတ်တမ်းများတွင် ဗလီ၏ အမိုး ပြိုကျသွားသည်ကို တွေ့ရပြီး ကယ်ဆယ်ရေးသမားများနှင့် ဒေသခံများက အပျက်အစီးများအောက်မှ ဒဏ်ရာရရှိသူများကို ဆွဲထုတ်ကာ လူနာတင်ယာဉ်များဆီသို့ သယ်ဆောင်နေကြသည်။
ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမျှ တာဝန်ယူကြောင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပါကစ္စတန် တာလီဘန် (TTP) အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။
အဆိုပါ တိုက်ခိုက်မှုသည် အနောက်မြောက်ပိုင်း ဟန်ဂူ (Hangu) ခရိုင်တွင် လုံခြုံရေးတပ်ဖွဲ့ စစ်ကြောင်းတစ်ခု လမ်းဘေးဗုံးခွဲ တိုက်ခိုက်ခံရပြီး စစ်သည် ၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့ကလည်း အစိုးရတပ်ဖွဲ့များက နယ်မြေအသီးသီးတွင် စိစစ်ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ရာ TTP အဖွဲ့ဝင်ဟု ယူဆရသည့် လက်နက်ကိုင် ၁၀ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန် တာလီဘန်များသည် မကြာမီနှစ်များအတွင်း ရဲတပ်ဖွဲ့နှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်လာခဲ့ပြီး ၂၀၂၃ ခုနှစ်က ပက်ရှာဝါ (Peshawar) မြို့ရှိ ဗလီတစ်ခုအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၀၁ ဦး သေဆုံးခဲ့ဖူးသည်။
ယင်းအဖွဲ့သည် အာဖဂန်နစ္စတန် တာလီဘန်များနှင့် အဖွဲ့အစည်းချင်း သီးခြားစီဖြစ်သော်လည်း မဟာမိတ်များ ဖြစ်ကြသည်။ ပါကစ္စတန်က အာဖဂန်အစိုးရအား TTP အဖွဲ့အား ခိုလှုံခွင့်ပေးထားသည်ဟု မကြာခဏ စွပ်စွဲလေ့ရှိသော်လည်း အာဖဂန်ဘက်က ငြင်းဆိုထားသည်။
Ref: AP
