သက်တံ့
၁၈.၉.၂၀၂၆
အိန္ဒိယနိုင်ငံ၏ တောအုပ်တစ်ခုအတွင်း စွန့်ပစ်ထားသည့် အော်ရင်ဂူတန် (Orangutan) လူဝံကလေး ၅ ကောင်ကို တွေ့ရှိခဲ့ရမှုက တိုင်းပြည်အတွင်းသို့ ရှားပါးမျိုးစိတ်များကို မှောင်ခိုတင်သွင်းနေသည့် “ကြီးမားသော” ရှားပါးသားငှက်တိရစ္ဆာန် ကုန်သွယ်မှုကို ပေါ်လွင်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လူမှုကွန်ရက်တွင် ကြွားဝါရန်အတွက် ရှားပါးတိရစ္ဆာန်များကို အဆင့်အတန်းတစ်ခုအဖြစ် မွေးမြူလိုကြသည့် အိန္ဒိယသူဌေးများ၏ ဝယ်လိုအားကို ဖြည့်ဆည်းရန် စစ်ပွဲဖြစ်ပွားနေသည့် မြန်မာနိုင်ငံကို ဖြတ်သန်း၍ လူဝံမျိုးနွယ်ဝင်အမြီးမပါသော မျောက်လွှဲကျော် (Gibbon) အပါအဝင် မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များနှင့် လူဝံများကို မှောင်ခိုကူးနေကြပြီး ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည့် ယင်းတရားမဝင် ကုန်သွယ်မှုမှာ ပိုမိုကြီးထွားလာနေကြောင်း ၎င်းတို့က သတိပေးထားသည်။
“တစ်နိုင်ငံလုံးမှာ ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို တွေ့ရှိတာ ဒါမှမဟုတ် သိမ်းဆည်းရမိတာတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။ အတိုင်းအတာကတော့ တော်တော်လေးကို ကြီးမားပါတယ်” ဟု Humane World for Animals India အဖွဲ့မှ သုမန်သ် ဘင်ဒူမာဓဗ် (Sumanth Bindumadhav) က ပြောသည်။
မျိုးသုဉ်းရန် အလွန်စိုးရိမ်ရသည့် အော်ရင်ဂူတန်များသည် အင်ဒိုနီးရှားနိုင်ငံ၏ ဆူမားတြားကျွန်းနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းတို့ ပိုင်ဆိုင်သည့် ဘော်နီယိုကျွန်းတို့တွင်သာ သဘာဝအတိုင်း မှီတင်းနေထိုင်ကြသူများ ဖြစ်သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩဒီရှာ (Odisha) ပြည်နယ်ရှိ ဘာလာဆိုးရ် (Balasore) တောအုပ်အတွင်း၌ ယင်းအော်ရင်ဂူတန် ကလေး ၅ ကောင်ကို သစ်တောဝန်ထမ်းများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အသက် ၁ နှစ်ခွဲခန့်စီ ရှိကြသည့် ထိုအော်ရင်ဂူတန်ကလေးများကို တိရစ္ဆာန်ရုံတစ်ခုတွင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့အား ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။
ဘင်ဒူမာဓဗ်၏ အဖွဲ့က ၂၀၂၆ ခုနှစ် ဇွန်လ အစီရင်ခံစာတွင် “ရှားပါးတောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု မြင့်တက်လာခြင်း” ကို အသေးစိတ်ဖော်ပြထားပြီး “ဖမ်းဆီးရမိမှု သိသိသာသာ များပြားလာခြင်း” က “တရားမဝင် ကုန်သွယ်မှု မြင့်တက်လာခြင်း” ကို ရောင်ပြန်ဟပ်နေကြောင်း ထောက်ပြထားသည်။ ယင်းအစီရင်ခံစာ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယ၏ ရှားပါးအိမ်မွေးတိရစ္ဆာန် ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၄၂ ဒသမ ၆ သန်းအထိ ရှိခဲ့သည်။
အရှေ့တောင်အာရှ မိုးသစ်တောများမှ အော်ရင်ဂူတန်များနှင့် မျောက်လွှဲကျော်များကို “အိန္ဒိယသို့ မှောင်ခိုတင်သွင်းမှု ပိုမိုများပြားလာကြောင်း” လည်း အစီရင်ခံစာက ဆက်လက်ဖော်ပြထားသည်။
◾️ စိုးရိမ်ဖွယ်ရာ ပမာဏ
အိန္ဒိယ သားငှက်တိရစ္ဆာန် ပြစ်မှုထိန်းချုပ်ရေးဗျူရိုမှ အကြီးတန်းအရာရှိတစ်ဦးက “ဆိုရှယ်မီဒီယာ Influencer ထောင်ပေါင်းများစွာ” က ရှားပါးမျိုးစိတ်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရန် အွန်လိုင်းတွင် မြှင့်တင်ရေးသားနေကြသဖြင့် ဖော်လိုဝါများအကြား ဝယ်လိုအားကို ပိုမိုမြင့်တက်စေကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ အရမ်းကြီးမားတဲ့ ဈေးကွက်တစ်ခုပါ၊ ချမ်းသာတဲ့သူတွေက အဲဒီတိရစ္ဆာန်တွေကို သူတို့အိမ်မှာ မွေးထားကြတယ်” ဟု သတင်းမီဒီယာသို့ ပြောကြားခွင့် မရှိသဖြင့် အမည်မဖော်လိုသည့် အဆိုပါ အရာရှိက ဆိုသည်။
အစိုးရ၏ သဘောဆန္ဒအလျောက် သတင်းပို့တင်ပြသည့် အစီအစဉ်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ လူဦးရေ ၄၀,၀၀၀ ကျော်က ရှားပါးတိရစ္ဆာန် မွေးမြူထားရှိမှုကို စာရင်းပေးသွင်းခဲ့ကြကြောင်း အစိုးရကိန်းဂဏန်းများက ဖော်ပြသည်။ သို့သော် ထိုကိန်းဂဏန်းသည် ပုဂ္ဂလိကလက်ဝယ်တွင် ရှိနေသည့် တိရစ္ဆာန်အရေအတွက်၏ အစိတ်အပိုင်းမျှသာ ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
“ဒါဟာ ကိုယ်တိုင်လာရောက် စာရင်းသွင်းထားတဲ့သူတွေဆီက ကိန်းဂဏန်းပဲ ဖြစ်တာကြောင့် အမှန်တကယ် ပမာဏက ဒီထက်မက ပိုမိုကြီးမားနိုင်ပြီး အတိအကျကို မသိရသေးပါဘူး။ အမှန်တကယ် အတိုင်းအတာကတော့ တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်” ဟု ဘင်ဒူမာဓဗ်က ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့ (TRAFFIC) ၏ အိန္ဒိယဆိုင်ရာ အကြီးအကဲဟောင်း ရှိခါး ကူးမား နီးရပ်ချ် (Shekhar Kumar Niraj) ကလည်း မှောင်ခိုကူးမှု မြင့်တက်လာခြင်းသည် ပုဂ္ဂလိကလက်ဝယ်တွင် တိရစ္ဆာန်မွေးမြူမှု “အရေအတွက် တိုးတက်လာခြင်း” နှင့် ဆက်စပ်နေကြောင်း ပြောသည်။
“တစ်နိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိက တိရစ္ဆာန်ရုံတွေဟာ ဥပဒေတွေကို စိုးရိမ်ဖွယ်ရာ ပမာဏအထိ ချိုးဖောက်နေကြပါတယ်။ ပရိုင်းမိတ် (Primate) မျိုးနွယ်တွေဟာ အရမ်းဥာဏ်ကောင်းပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ ကြိုက်နှစ်သက်တာကြောင့် တိရစ္ဆာန်ရုံတွေမှာ အရမ်းရေပန်းစားပါတယ်” ဟု နီးရပ်ချ်က ပြောသည်။
အိန္ဒိယ ဗဟိုအာဏာပိုင်များကမူ ယခုကိစ္စနှင့် ပတ်သက်၍ AFP ၏ မေးမြန်းချက်များကို တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ – အိန္ဒိယ (WWF-India) ၏ မှတ်တမ်းများအရ ၂၀၂၂ ခုနှစ် တစ်နှစ်တည်း၌ပင် ရှားပါးတိရစ္ဆာန် ကောင်ရေ ၄,၀၀၀ နီးပါး ပါဝင်သည့် ဖမ်းဆီးရမိမှု ၅၆ ကြိမ် ရှိခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မွန်ဘိုင်း အကောက်ခွန်အရာရှိများသည် စစ်ဆေးပြီးသား ခရီးဆောင်အိတ်အတွင်း၌ မျိုးသုဉ်းရန် စိုးရိမ်ရသည့် မျောက်လွှဲကျော် ၂ ကောင်ကို ထည့်သွင်းသယ်ဆောင်လာသည့် ခရီးသည်တစ်ဦးကို ဖမ်းဆီးခဲ့သည်။ လွန်ခဲ့သည့်နှစ်အတွင်း မွန်ဘိုင်းတွင် အခြားသိမ်းဆည်းရမိခဲ့သည့် တိရစ္ဆာန်များတွင် ပုတ်သင်ညိုများ၊ သားပိုက်ကောင်နွယ်ဝင် ကြွက်နှင့်တူသော Possum များနှင့် အဆိပ်ရှိမြွေပွေး အကောင်ပေါင်းများစွာ ပါဝင်သည်။
၂၀၂၄ ခုနှစ်တွင် သစ်တောအရာရှိများသည် မဟာရဋ္ဌ (Maharashtra) ပြည်နယ်ရှိ တိုက်ခန်းတစ်ခုမှ မှောင်ခိုတင်သွင်းထားသည့် အော်ရင်ဂူတန်တစ်ကောင်ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် ယင်းသို့ ဖမ်းဆီးရမိမှုများသည် တကယ့်ကုန်သွယ်မှု ပမာဏ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။
◾️ နယ်စပ်စည်းရိုး မခိုင်မာမှု
“တကယ့် တရားမဝင်ကုန်ကူးမှုအတိုင်းအတာကတော့ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ ဒေတာတွေထက် အများကြီး ပိုမိုကြီးမားပါတယ်” ဟု Aaranyak သဘာဝပတ်ဝန်းကျင် အဖွဲ့မှ ဂျိမ်းမီ ဘိုရာ (Jimmy Borah) က ပြောသည်။
ဘီလျံနာ မူကေးရှ် အမ်ဘာနီ၏ သားဖြစ်သူ အာနန့် အမ်ဘာနီ က ဂူဂျရတ်ပြည်နယ်တွင် ထူထောင်ထားသည့် Vantara အမည်ရှိ ကြီးမားသော တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးနှင့် ထိန်းသိမ်းရေးစင်တာက မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များကို လက်ခံရယူနေမှုအပေါ် ကျွမ်းကျင်သူများက ယခင်ကတည်းက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့ကြသည်။ Vantara ဘက်ကမူ မည်သည့် မမှန်မကန် လုပ်ဆောင်မှုမျှ မရှိကြောင်း ငြင်းဆိုထားသည်။
ဩဂုတ်လတွင် Vantara က ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ပြင်ဆင်ရန် “ရဲရင့်သော ခြေလှမ်းများ လှမ်းနေကြောင်း”၊ သက်ရှိတိရစ္ဆာန်များ တင်သွင်းရန် လျှောက်ထားချက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် စောင့်ကြည့်ရေးအဖွဲ့ (CITES) ၏ အကြီးအကဲဟောင်း ဂျွန် စကန်လွန် (John Scanlon) အား အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အော်ရင်ဂူတန်များကို ပင်လယ်ရေကြောင်းမှ ကီလိုမီတာ ၂,၀၀၀ ကျော် (မိုင် ၁,၂၀၀) နှင့် ကုန်းကြောင်းမှ ကီလိုမီတာ ၇,၀၀၀ (မိုင် ၄,၅၀၀) အကွာတွင်ရှိသည့် ဩဒီရှာသို့ မည်သို့မည်ပုံ သယ်ဆောင်လာခဲ့သည်ကို တိတိကျကျ မသိရသေးပေ။ ရဲတပ်ဖွဲ့က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ လေဆိပ်များနှင့် တရားဝင် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းများအပြင် ပြည်တွင်းရေးမတည်ငြိမ်သည့် မြန်မာနိုင်ငံနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းအကြားရှိ ကုန်းပိုင်းနယ်စပ်သည် အဓိက မှောင်ခိုကူးရာ လမ်းကြောင်းတစ်ခု ဖြစ်နေသည်။
“အရှေ့တောင်အာရှကနေ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေနဲ့ ဆက်စပ်နေတာကြောင့် အရှေ့မြောက်ဒေသဟာ သက်ရှိ ရှားပါးတိရစ္ဆာန်တွေကို ဖမ်းဆီးရမိဖို့အတွက် အရေးပါပါတယ်” ဟု WWF-India မှ ဒီပန်ကာ ဃောရှ် (Dipankar Ghose) က ပြောသည်။
အာဏာပိုင်များသည် လွန်ခဲ့သည့် နှစ်များအတွင်း နယ်စပ်တစ်လျှောက် တောလမ်းများမှတစ်ဆင့် မှောင်ခိုကူးလာသည့် အခြားသော ရှားပါး ပရိုင်းမိတ် မျိုးနွယ်များကို ထိုဒေသတွင် ဖမ်းဆီးရမိခဲ့ကြသည်။
“ကျွန်တော်တို့ ပြောနေတာက မိုင်ပေါင်းများစွာ ရှည်လျားပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့ (ပေါက်ပြဲနေတဲ့) နယ်စပ်စည်းရိုးအကြောင်းပါ” ဟု Aaranyak မှ ဘိုရာ က ပြောကြားခဲ့သည်။
Ref: AFP Via news.com au
