သက်တံ့
၁၈.၉.၂၀၂၆
အသက် ၂၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင် (Champhai) ခရိုင်အတွင်း မက်သ်အဖက်တမင်း ဆေးပြား ၅ ဒသမ ၅ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။
အဆိုပါ ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဘုခ်ဖီးရ် (Bukphir) ရွာတွင် နေထိုင်သူ အသက် ၂၀ အရွယ် ကမ်ကင်ရှန်း (Kamkimsiang) ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) က ဇိုတေး-ဘူးလ်ဖက်ခ် (Zote-Bulfek) လမ်းပေါ်တွင် ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၊ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဗဟိုထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းထံမှ အလေးချိန် ၅ ဒသမ ၅ ကီလိုဂရမ်ရှိ မက်သ်အဖက်တမင်း ဆေးပြား ၅၀,၅၀၀ ပြားကို လုံခြုံရေးအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုပြီး အဆိုပါမူးယစ်ဆေးများမှာ ရူပီး ၄ ဒသမ ၄၀ ကုဋေ (ကျပ် ၂ ဘီလီယံခန့်) အထိ တန်ကြေးရှိနေသည်။
ကမ်ကင်ရှန်းကို ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (NDPS Act) ဖြင့် အရေးယူထားကြောင်း သိရသည်။
Ref: India Today
