သက်တံ့
၁၈.၉.၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၊ တောင်ကိုတာဘာတို (South Cotabato) ပြည်နယ်၊ ဗန်းဂါးမြို့နယ်ရှိ ဗန်းဂါး အမျိုးသားအထက်တန်းကျောင်း (Banga National High School) ၌ ယနေ့ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေနတ်သမား အပါအဝင် အနည်းဆုံး ကျောင်းသား ၃ ဦး သေဆုံးကာ အခြား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။
အသက် ၁၆ နှစ်အရွယ် သေနတ်သမားသည် သေဆုံးသူ ၃ ဦးအနက် တစ်ဦး ဖြစ်ကြောင်း တောင်ကိုတာဘာတို ပြည်နယ်အုပ်ချုပ်ရေးမှူး ရေနယ်ဒို တာမာယို (Reynaldo Tamayo) နှင့် ဗန်းဂါးမြို့တော်ဝန် အယ်လ်ဘတ် ပါလန်စီယာ (Albert Palencia) တို့က ပြောဆိုသည်။ ဒဏ်ရာရရှိသူ ၈ ဦးအနက် ၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိပြီး ထိခိုက်ခံရသူများ၏ အသက်မှာ ၁၄ နှစ်မှ ၁၇ နှစ်အတွင်း ဖြစ်ကြသည်။
“သံသယရှိသူဟာ သူ့ရဲ့ သူငယ်ချင်းတွေဘေးမှာ ဝင်ထိုင်ပြီး ‘ငါ မွန်းလွဲပိုင်းကျရင် ငါ့အစီအစဉ်ကို အကောင်အထည်ဖော်တော့မှာမို့လို့ မင်းတို့ အိမ်ပြန်ကြတော့’ လို့ ပြောခဲ့တာပါ။ သေနတ်သမားဟာ လူနောက်တစ်ယောက်အဖြစ် လူသိများတာကြောင့် သူငယ်ချင်းတွေက ရယ်မောခဲ့ကြပါတယ်” ဟု မြို့တော်ဝန် ပါလန်စီယာက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းများတွင် ဒဏ်ရာရရှိထားသော ကလေးငယ်တစ်ဦးအား ကျောင်းအတွင်းမှ မော်တော်ဆိုင်ကယ် ဘေးတွဲဆီသို့ အလျင်အမြန် သယ်ဆောင်သွားသည်ကို တွေ့ရသည်။ အခြားဗီဒီယိုတစ်ခုတွင် သေနတ်သမား ၂ ဦး ပါဝင်ကြောင်း ဆရာမတစ်ဦး၏ ပြောဆိုသံနှင့် အဆိုပါ သေနတ်သမားများမှာ အပြင်လူများဖြစ်ကြောင်း ကျောင်းသားတစ်ဦးက ပြောဆိုသည့် အသံများကို ကြားရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဗန်းဂါး မြို့နယ်တစ်ခုလုံးရှိ အတန်းအားလုံး၏ သင်ခန်းစာသင်ကြားမှုများကို ချက်ချင်း ရပ်ဆိုင်းခဲ့ပြီး ဖိလစ်ပိုင် ကြက်ခြေနီအသင်းက ဆေးဘက်ဆိုင်ရာ အဖွဲ့များကို စေလွှတ်၍ ကူညီပေးလျက်ရှိသည်။ ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်ပွားရာနေရာတွင် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်တွင် သေနတ်ပိုင်ဆိုင်မှုနှုန်း မြင့်မားသော်လည်း ကျောင်းတွင်း ပစ်ခတ်မှုများမှာ ယခင်က နည်းပါးခဲ့သည်။ သို့သော်လည်း ဇွန်လကတည်းကစ၍ ယခုဖြစ်စဉ်သည် တတိယမြောက် ကျောင်းတွင်း ပစ်ခတ်မှုဖြစ်စဉ် ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တာကလိုဘန် (Tacloban) ရှိ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၂ ဦးက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုမှာ အနိုင်ကျင့်ခံရမှုအပေါ် အငြိုးအတေး ထားရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဇမ်ဘိုအန်ဂါ (Zamboanga) ရှိ စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှုကို လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် (live-stream) ခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
ယခုဖြစ်စဉ်သည် မွတ်စလင်အများစုနေထိုင်ရာ မင်းဒါနာအို ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ပထမဆုံး ပါလီမန်ရွေးကောက်ပွဲ ကာလအတွင်း ကိုတာဘာတို၌ အခြား ပစ်ခတ်မှုတစ်ခုကြောင့် ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ရက်ပိုင်းအကြာတွင် ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် သေနတ်ပိုင်ဆိုင်ခွင့်အတွက် စာရွက်စာတမ်း စိစစ်ခြင်းနှင့် စိတ်ကျန်းမာရေး စစ်ဆေးခြင်း စသည့် တင်းကျပ်သော စည်းမျဉ်းများရှိသော်လည်း တရားမဝင် သေနတ်များ ပျံ့နှံ့လျက်ရှိသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး တာမာယိုက မိဘများအနေဖြင့် သေနတ်များကို အရွယ်မရောက်သေးသူများ လက်လှမ်းမမီနိုင်သော နေရာတွင် စနစ်တကျ သိမ်းဆည်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။ “ကျောင်းသား ထောင်ပေါင်းများစွာကို လုံခြုံရေးဝန်ထမ်း နည်းနည်းလေးနဲ့ စောင့်ကြည့်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: Reuters, AFP & BBC
