၁၈.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံသို့ F-35 တိုက်လေယာဉ် ၄၈ စင်းအား အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ ဘီလျံတန်ဖိုးဖြင့် ရောင်းချရန် ခွင့်ပြုလိုက်ပြီဖြစ်ပြီး၊ ယင်းအတွက် လွှတ်တော်၏ အတည်ပြုချက် ရယူရန် လိုအပ်သေးကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များမှပင် ထောက်လှမ်းသိရှိရန် ခက်ခဲသည့် ကိုယ်ပျောက်တိုက်လေယာဉ် ၄၈ စင်းအား ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၇ ရက် တွင် အတည်ပြုကြေညာခဲ့သည်။ ၎င်းသည် အီရန်နှင့်ပတ်သက်သော ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစ၍ ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံးသော လက်နက်ဝယ်ယူမှုတစ်ခု ဖြစ်လာသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် F-35 လေယာဉ်များကို ဝယ်ယူရန် ကြာမြင့်စွာကတည်းက ကြိုးပမ်းခဲ့သော်လည်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ၎င်းလေယာဉ်များကို လက်ရှိအသုံးပြုနေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သော အစ္စရေးနိုင်ငံမှ တာဝန်ရှိသူများက ရီယာ့ဒ် (ဆော်ဒီ) သို့ ရောင်းချခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောကြားခဲ့ကြသည်။ အစ္စရေးအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ဆက်ဆံရေးပုံမှန်ဖြစ်စေရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း ယင်းကဲ့သို့ စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။
“အဆိုပြုထားတဲ့ ဒီရောင်းချမှုဟာ ဆော်ဒီအာရေဗျရဲ့ ပြည်တွင်းကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးပြီး အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို တိုးတက်စေခြင်းအားဖြင့် လက်ရှိနဲ့ အနာဂတ် ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်စွမ်းကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင်ထုတ်ပြန်ချက်တွင်”ဒီရောင်းချမှုက ဆော်ဒီအာရေဗျရဲ့ လည်ပတ်အသုံးပြုနိုင်တဲ့ လေယာဉ်အရေ အတွက်ကို တိုးပွားစေမှာဖြစ်သလို၊ လေယာဉ်ခြင်း တိုက်ခိုက်မှုနဲ့ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်မှုဆိုင်ရာ ကိုယ်ခံကာကွယ်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်” ဟု ပါရှိသည်။
နိုင်ငံခြားရေးဌာနသည် အဆိုပြုထားသော ရောင်းချမှုနှင့်ပတ်သက်၍ လွှတ်တော်ထံ အသိပေးအကြောင်းကြားထားပြီး၊ ယင်းအတွက် အမေရိကန်လွှတ်တော်အမတ်များ၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။ လေယာဉ်များ ပေးအပ်မည့်အချိန်ကာလကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။
ဒေသတွင်း ဖြစ်နိုင်ခြေရှိသော ပြိုင်ဘက်များထက် အစ္စရေးနိုင်ငံက စစ်ရေးအရ သာလွန်မှုရှိရမည်ဟူ သော အမေရိကန်၏ ရေရှည်မူဝါဒနှင့်လည်း ဆက်လက်ကိုက်ညီနေစေရမည်ဖြစ်ပြီး F-35 လေယာဉ်များရောင်းချမှုသည် ဒေသတွင်း စစ်ရေးအင်အား မျှခြေကို ပြောင်းလဲစေမည် မဟုတ်ပါ ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ယခုအချိန်အထိ F-35 လေယာဉ်များကို ဥရောပရှိ နေတိုးအုပ်စု မဟာမိတ်နိုင်ငံအချို့နှင့် အစ္စရေးနိုင်ငံတို့အပါအဝင် ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံများသို့သာ ရောင်းချခွင့်ပြုထားခဲ့သည်။
အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်တွင် နေတိုး အဖွဲ့ဝင် တူရကီနိုင်ငံကို F-35 အစီအစဉ်မှ ထုတ်ပယ်ခဲ့သည်။ တူရကီနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူခဲ့မှုကြောင့် ရုရှားအနေဖြင့် F-35 လေယာဉ်၏ နည်းပညာကို ရရှိသွားနိုင်သည်ဟူသော စိုးရိမ်မှုများ ရှိလာ၍ ထိုသို့ တူရကီအား လေယာဉ်ရောင်းချမှုမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဌာနသည် စက်တင်ဘာလအစောပိုင်းက ဆော်ဒီအစိုးရထံသို့ ပေါင် ၂,၀၀၀ အလေးချိန်ရှိ အလွန်အစွမ်းထက်သော ဗုံးများအပါအဝင် ဗုံးအလုံးရေ ၁၀,၀၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၅ ဘီလျံတန်ဖိုးဖြင့် ရောင်းချရန် ခွင့်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန်အစိုးရက စက်တင်ဘာလအတွင်း ဆော်ဒီအာရေဗျသို့ တင့်ကားအင်ဂျင် ၆၀ နှင့် ဆက်စပ်ပစ္စည်းများကို အမေရိကန်ဒေါ်လာ ၇၅၀ သန်းတန်ဖိုးဖြင့် ရောင်းချရန် သဘောတူညီခဲ့သလို၊ ဇူလိုင်လကလည်း ဒုံးပျံများကို တိကျစွာပစ်ခတ်နိုင်သော လက်နက်များအဖြစ် ပြောင်းလဲပေးနိုင်သည့် လမ်းကြောင်းထိန်းချုပ်ရေးစနစ် အစိတ်အပိုင်းများ ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်တစ်ခုကိုလည်း ချုပ်ဆိုခဲ့သည်။
F-35 တိုက်လေယာဉ်များ ရောင်းချမည့်ကိစ္စမှာ ယခုနှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံက လုပ်ဆောင်ခဲ့သည့် အဓိကကျသော လက်နက်ဝယ်ယူမှုများထဲမှ နောက်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။
Ref: AFP
