

၁၈.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာရှိ ပုစွန်ကန်တစ်ခုတွင် စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က ပုစွန်ကန်လုပ်သားနှစ်ဦး စကားများရန်ဖြစ်ရာမှ ပုစွန်ကန်လုပ်သားတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
“နှစ်ယောက်သား စကားများရင်းက မခံနိုင်အောင် ဆဲဆိုကြရာကနေ ဖြစ်သွားတာ။ ဓားမနဲ့ခုတ်တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဓားခုတ်ခံရသူ ကိုအောင်သိန်းထွေး(ခ)အရှည်ကြီး၏ ညာဘက်လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပါးအောက်တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဘယ်နားရွက်ပြတ်ရှဒဏ်ရာ၊ယာလက်သန်းပြတ်ရှဒဏ်ရာ၊ နှာခေါင်းအောက်ပြတ်ရှဒဏ်ရာတို့ရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
လူသတ်မှုနှင့်ပတ်သက်၍ တံတားနယ်မြေရဲစခန်းက ကျူးလွန်သူ သက်ပိုင်ဦး (ခ) ဖိုးခွားဆိုသူကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
