၁၆.၉.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် အစ္စလမ်ဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ မက္ကာမြို့အနီးတွင် ဟူသီသူပုန်တို့လွှတ်တင်ခဲ့သည့် မောင်းသူမဲ့လေယာဉ် ဒရုန်းတစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် စက်တင်ဘာလ ၁၆ ရက်တွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ဟူသီတို့ကမူ ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ဟု ချက်ချင်းငြင်းဆိုခဲ့ကြသည်။
ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များနှင့် တိုက်ပွဲဝင်နေသော ဆော်ဒီဦးဆောင် သည့် စစ်ရေးမဟာမိတ်အဖွဲ့က သူပုန်များအနေဖြင့် စက်တင်ဘာလ ၁၆ ရက်တွင် မက္ကာမြို့ကို ပစ်မှတ် ထားတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ရာ၊ လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း ပဋိပက္ခများကြားတွင် မွတ်စလင်ကမ္ဘာတစ်ဝန်း၌ ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့သည်။



စစ်ရေးမဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ်-မာလီကီ က “သန့်ရှင်းမွန်မြတ်သော ဗလီဝတ်ကျောင်းတော်ကြီးနှစ်ခု (မက္ကာနှင့် မဒီနာ) နှင့် ဘုရားဖူးများ၏ လုံခြုံရေးသည် ကျော်လွန်လုပ်ဆောင်၍မရသော ကန့်သတ် သတိပေးချက် ဖြစ်ပြီး၊ မဟာမိတ်တပ်ဖွဲ့၏ ပူးတွဲစစ်ဌာနချုပ် အနေဖြင့် အကြမ်းဖက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လိုအပ်သော တားဆီးကာကွယ်ရေးနှင့် ဟန့်တား အရေးယူမှုများ ပြုလုပ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပါ” ဟု X လူမှုကွန်ရက်တွင် ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါကြေညာချက်အရ ဆော်ဒီတော်ဝင်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များသည် “အကြမ်းဖက် ဟူသီလက်နက်ကိုင်အဖွဲ့” က လွှတ်တင်ခဲ့သော ရန်လိုသည့် ဒရုန်းတစ်စင်းကို မက္ကာမြို့၏ လေပိုင်နက်အတွင်းသို့ မဝင်ရောက်မီ ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
ဆော်ဒီအာရေဗျက မက္ကာမြို့နှင့် ယီမင်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံ၏တောင်ပိုင်းဒေသ တို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း စက်တင်ဘာလ ၁၅ ရက်က အတိုချုံးသတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။
ဟူသီတို့ကမူ မဟာမိတ်အဖွဲ့၏ စွပ်စွဲချက်များကို လိမ်ညာပြောဆိုမှုအဖြစ် ချက်ချင်းငြင်းဆိုခဲ့ကြသည်။
“မက္ကာမြို့ကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အရင်ကတည်းက သုံးစွဲခဲ့ဖူးတဲ့ ရိုးနေပြီဖြစ်တဲ့ လိမ်ညာပြောဆိုမှုတစ်ခုသာဖြစ်ပြီး ဘယ်သူ့ကိုမှ ထပ်ပြီးလှည့်စားနိုင်မှာ မဟုတ်ပါဘူး” ဟု ဟူသီအဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဇမ် အယ်လ်-အာဆတ် က X တွင် ရေးသားဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် မွတ်စလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကလည်း ဤ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းပြောကြားခဲ့သည်။
OIC အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် “သန့်ရှင်းမွန်မြတ်သော နေရာဌာနများ၏ ဂုဏ်သိက္ခာနှင့် လေးစားရမည့်သဘောသဘာဝကို ချိုးဖောက်ခြင်းသည် လက်ခံနိုင်စရာမရှိသည့်အပြင် သည်းခံခွင့်လွှတ်၍မရသော လုပ်ရပ်တစ်ခုဖြစ်ပြီး၊ ကျူးလွန်သူများကို ဟန့်တားအရေးယူရန်နှင့် ဤနေရာဌာနများကို ကျူးကျော်ရန်လုပ်ဆောင်သူ မည်သူ့ကိုမဆို တားဆီး ပိတ်ပင်ကာ ကျူးလွန်သူများကိုလည်း အရေးယူတားဆီးရန် လိုအပ်သည်” ဟု အလေးပေး ဖော်ပြထားသည်။
စက်တင်ဘာလ ၁၄ ရက်ညက ဆော်ဒီအာရေဗျနိုင်ငံအပေါ် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ရာ ဇူလိုင်လတွင် ပဋိပက္ခများ ပြင်းထန်လာချိန်မှစ၍ ဒဏ်ရာရရှိသူ စုစုပေါင်း အရေအတွက်မှာ ၁၀၀ ခန့်အထိ ရှိလာခဲ့သည်။
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားချိန်တွင် ဆော်ဒီအာရေဗျက ၎င်း၏ရေနံတင်ပို့မှု အတွက် အစားထိုးလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနေခဲ့သည့် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားရှိ ဆော်ဒီ၏ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကိုလည်း ဇူလိုင်လအတွင်းက ဟူသီတို့က ပိတ်ဆို့ တားဆီးခဲ့ဖူးသည်။
ယီမင်နိုင်ငံရှိ ဟူသီတို့၏ တိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းဒေသတွင် အန္တရာယ်ရှိသော တိုက်ပွဲမျက်နှာစာသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဆော်ဒီနိုင်ငံ တိုက်ခိုက်ခံနေရချိန်တွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်သည် ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို တန်ပြန်တိုက်ခိုက်ရာတွင် အကူအညီရယူနိုင်ရန် စက်တင်ဘာလ ၁၅ ရက်၌ အီဂျစ်နိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ ခေါင်းဆောင်များက ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်နီ ကို အေဒင်ပင်လယ်ကွေ့ နှင့် ဆက်သွယ်ပေးထားသည့် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားတို့တွင် “ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်ရန် တိုက်တွန်းပြောကြားခဲ့ကြသည်။
ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ပွဲမျက်နှာစာသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ရာ၊ ယင်းဒေသသည် အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။
ဤနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအကြား ဆော်ဒီအာရေဗျနိုင်ငံရှိ အမေရိကန်သံရုံးက စက်တင်ဘာလ ၁၅ ရက်၌ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်းနိုင်ငံသားများအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းကိစ္စကို ပြန်လည်စဉ်းစားသုံးသပ်ရန် တိုက်တွန်းထားသည်။
အဆိုပါသတိပေးချက်တွင် “အမေရိကန်၏ အကျိုးစီးပွားများကို ပစ်မှတ်ထားသည့် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုအန္တရာယ်၊ လက်နက်ကိုင်ပဋိပက္ခ၊ အကြမ်းဖက်မှု၊ နိုင်ငံမှထွက်ခွာခွင့် ပိတ်ပင်ခံရနိုင်ခြေနှင့် လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုဆိုင်ရာ ဒေသတွင်းဥပဒေများ” စသည်တို့နှင့် ပတ်သက်သည့် အန္တရာယ်များကို သတိပေးဖော်ပြထားသည်။
Ref: DW News
