သက်တံ့
၁၆. ၉. ၂၀၂၆
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တပ်မတော်အကြား ပြုလုပ်သည့် ၅ ကြိမ်မြောက် IMBAX စစ်ရေးလေ့ကျင့်မှုကို အင်္ဂါနေ့က အိန္ဒိယနိုင်ငံ၊ မေဃာလယပြည်နယ်ရှိ ပူးတွဲလေ့ကျင့်ရေးစခန်း၌ စတင်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် နှစ်နိုင်ငံလုံး၏ ကတိကဝတ်ပြုမှုကို ထပ်လောင်းအတည်ပြုခဲ့သည်။
”အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တပ်မတော်အကြား ပြုလုပ်သည့် ၅ ကြိမ်မြောက် IMBAX စစ်ရေးလေ့ကျင့်မှုကို မေဃာလယပြည်နယ်၊ အွမ်ရွိုင် (Umroi) ရှိ ပူးတွဲလေ့ကျင့်ရေးစခန်း၌ ယနေ့ စတင်ခဲ့သည်။ ၁၄ ရက်ကြာပြုလုပ်မည့် အဆိုပါ လေ့ကျင့်မှုကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်” ဟု အိန္ဒိယတပ်မတော်၏ ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ်ရုံးက X (တွစ်တာ) တွင် ဖော်ပြခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် တပ်မတော် နှစ်ရပ်လုံးအကြား ပူးတွဲလေ့ကျင့်မှုများမှတစ်ဆင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အောက်တွင် စစ်ဆင်ရေးများ ဆောင်ရွက်ရာ၌ စစ်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ဟန်ချက်ညီမှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။



”ထို့အပြင် စစ်ဆင်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် အကောင်းဆုံး နည်းလမ်းများကို လဲလှယ်ခွင့် ရရှိစေမည်ဖြစ်ပြီး နားလည်မှု၊ ရဲဘော်ရဲဘက်စိတ်နှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်သည်။ IMBAX စစ်ရေးလေ့ကျင့်မှုသည် ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အတွက် JAI se VIJAY (ပြည်တွင်းဖြစ် နည်းပညာ၊ တပ်ပေါင်းစုံ စည်းလုံးမှုနှင့် ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်မည်) မဟာဗျူဟာ မျှော်မှန်းချက်နှင့်အညီ အိန္ဒိယတပ်မတော်က အသုံးပြုနေသည့် ပြည်တွင်းဖြစ် လက်နက်များနှင့် ကိရိယာမျိုးစုံကို လေ့လာခွင့် ရရှိစေမည်ဖြစ်သည်။ ယခုလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန် နှစ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခြင်းဖြစ်သည်” ဟု အိန္ဒိယတပ်မတော်က ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်အပတ်ကလည်း အိန္ဒိယနိုင်ငံခြားရေးဆိုင်ရာပြည်နယ်ဝန်ကြီး Pabitra Margherita သည် နယူးဒေလီမြို့၌ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဦးဆောင်သော မြန်မာပါလီမန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေးကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ်အတွင်း ဝန်ကြီးက မြန်မာနိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယ၏ အဓိက နိုင်ငံခြားရေးမူဝါဒများဖြစ်သည့် “အိမ်နီးချင်းဦးစားပေး (Neighbourhood First)”၊ “အရှေ့မျှော်မူဝါဒ (Act East)” နှင့် “MAHASAGAR (ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန် ဘက်စုံမြှင့်တင်ရေး)” မူဝါဒများအတိုင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယအောက်လွှတ်တော် ဝန်ထမ်းများဆိုင်ရာ ညွှန်ကြားရေးမှူးရုံး၏ လေ့ကျင့်ရေးနှင့် သုတေသနဌာနတစ်ခုဖြစ်သည့် PRIDE တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတက်ရောက်ရန် နယူးဒေလီသို့ ရောက်ရှိနေခြင်းဖြစ်သည်။
တွေ့ဆုံပွဲအပြီးတွင် Margherita က X ၌ “PRIDE တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတက်ရောက်ရန် အိန္ဒိယသို့ ရောက်ရှိနေသည့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဦးဆောင်သော မြန်မာပါလီမန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါသည်။ ကျွန်ုပ်တို့၏ ရှေးယခင်ကတည်းက ရှိခဲ့သော ယဉ်ကျေးမှုနှင့် ပြည်သူချင်း ဆက်ဆံရေးကို အခြေခံ၍ အိန္ဒိယအနေဖြင့် ကျွန်ုပ်တို့၏ အဓိက နိုင်ငံခြားရေးမူဝါဒများဖြစ်သည့် Neighbourhood First၊ Act East နှင့် MAHASAGAR (Mutual and Holistic Advancement for Security and Growth Across Regions) တို့အောက်တွင် မြန်မာနိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားရန် ကတိပြုထားဆဲဖြစ်ပါသည်” ဟု ရေးသားဖော်ပြခဲ့သည်။
Ref: defence.in
