သတိုး
၁၆. ၉. ၂၀၂၆
မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အခြေစိုက်ရာ နေပြည်တော်သို့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တစ်ရက်ကြာ လာရောက်ခဲ့ကြောင်း သံတမန်ရေးရာနှင့် လေကြောင်းအချက်အလက်များအရ သိရှိရသည်။
အဆိုပါ ခရီးစဉ်တွင် အမေရိကန် သံတမန်များနှင့် အရေးကြီးပုဂ္ဂိုလ်များ ပို့ဆောင်ရေးတွင် အဓိက အသုံးပြုလေ့ရှိသည့် အမေရိကန်လေတပ် (USAF) ပိုင် Beech C-12D Huron အမျိုးအစား တွဲဖက်အင်ဂျင်တပ် လေယာဉ်တစ်စင်းကို အသုံးပြုခဲ့၍ လာရောက်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရအဖွဲ့နှင့် မြန်မာအစိုးရအဖွဲ့ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြသည်ဟု MT News က ကနဦး နားလည်ထားသည့် ဤခရီးစဉ်ကို အများပြည်သူသိရှိအောင် ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်အဆင့် (Classified) သတ်မှတ်၍ သံတမန်ရေးရာ ထိတွေ့မှုတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။



Flight Radar24 လေကြောင်းအချက်အလက်များအရ အဆိုပါ အမေရိကန်လေတပ်ပိုင် လေယာဉ်သည် စက်တင်ဘာ ၁၅ ရက်က နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယနေ့ စက်တင်ဘာ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် ခရီးစဉ်တွင် ဒေသတွင်း အမေရိကန်သံတမန်ရေးရာ ကွန်ရက် သို့မဟုတ် ဘန်ကောက်အခြေစိုက် အဆင့်မြင့်အရာရှိများ ပါဝင်ပတ်သက်နိုင်ကြောင်း ခန့်မှန်းရသည်။
ယခုခရီးစဉ်တွင် အသုံးပြုခဲ့သည့် Beech C-12 Huron လေယာဉ်သည် အရပ်ဘက်သုံး Beechcraft Super King Air ကို အခြေခံ၍ စစ်ဘက်သုံးအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။ ၎င်းကို အမေရိကန် လေတပ်၊ ကြည်းတပ်နှင့် ရေတပ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး အဓိကအားဖြင့် နိုင်ငံတကာရှိ အမေရိကန်သံရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုးရန် နှင့် သံတမန်ရေးရာ အရေးကြီးပုဂ္ဂိုလ်များ သယ်ယူပို့ဆောင်ရန် အသုံးပြုသည့် လေယာဉ်အမျိုးအစား ဖြစ်သည်။
လက်ရှိအချိန်အထိ ဤခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များနှင့် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူပါဝင်သည်ကိုမူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (U.S. Department of State) ဘက်က တရားဝင် သတင်းထုတ်ပြန် အတည်ပြုပေးခြင်း မရှိသေးသလို မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကို သတင်းမီဒီယာများက မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးသဖြင့် ဖြေဆိုလာချိန်တွင် ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။ (Photo – Credit)
