သက်တံ့
၁၆. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေး၊ မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုလျက် ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံကူးလက်မှတ်အမှတ်၊ ၅၆၅၄၄၈၄၄၉ ကိုင်ဆောင်သူ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင် စေလွှတ်ခဲ့သည်။
အဆိုပါ အမေရိကန်နိုင်ငံသား Adam Michael Castillo သည် The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း)၏ ဖွဲ့စည်းပုံ စည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၆၉/၂ဝ၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ် အရေးယူထားရှိသည့် အမှုမှတရားခံဖြစ်ပြီး ၎င်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှုလျက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံသား Adam Michael Castillo သည်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို အမေရိကန်မရိမ်းတပ်မှာ အာဖဂန်နစ္စတန်စစ်ပြန်အရာရှိဟောင်းလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာထိန်းသိမ်းမှုအပြီး ဖြစ်ရပ်များကို ရေးသားထားသည့် “Finding Our Voice” အမည်ရှိ စာအုပ်ကို ပြည်ပနိုင်ငံများတွင် သွားရောက်မိတ်ဆက် ဟောပြောခဲ့သူလည်း ဖြစ်သည်။
