၁၅.၉.၂၀၂၆
Written By Thandar
နွယ်နီတေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးရေး တေးဆို ညီမင်းခိုင်ရဲ့ ဂီတသက်တမ်း ၁၉ နှစ်ပြည့် ဂီတမှတ်တိုင်စိုက်ထူမယ့်ဖျော်ဖြေပွဲကို လာမယ့် စက်တင်ဘာ ၁၇ ရက် ညနေ ၆ နာရီမှာ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ The Heart Of Rangoon – THOR မှာ ကျင်းပမှာဖြစ်ပါတယ်။
“ဂီတနဲ့ ကိုယ့်ဘဝကို တည်ဆောက်လာတ ဖြတ်သန်းလာတာဆိုရင် ၁၉ နှစ်ပြည့်ခဲ့ပါပြီ။ ၁၉ နှစ် ပြည့်ခဲ့ပြီးတဲ့အချိန်မှာ အသက်အရွယ်ကလည်း ရှိသေးတယ်။ အရွယ်ကလည်း ရှိသေးတယ်။ ကျန်းမာရေးကလည်း နည်းနည်းကောင်းသေးတယ်။ အရမ်းကြီးမျှော်လင့်လို့လားဆိုရင် အရမ်းတော့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် ကိုယ်ဖြတ်သန်းလာတဲ့ ကိုယ့်ရဲ့ ဂီတသက်တမ်းကို၊ တန်ဖိုးကို ဂုဏ်ပြုတာပါ။ ဂီတကို ဂုဏ်ပြုတာပါ။ ညီမင်းခိုင်ကို ဂုဏ်ပြုတာမဟုတ်ပါဘူး။ ကျွန်တော်ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ ရေးဖူးခဲ့တဲ့ ဆိုဖူးခဲ့တဲ့ သီချင်းလေးတွေကို ပရိသတ်တွေမကြားဖူးတဲ့ မသိသေးတဲ့ ညီမင်းခိုင်ရေးခဲ့တာပါလား မသိတဲ့ ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဇာတ်ဝင်တေးသီချင်းကောင်းလေးတွေကို အချိန်ရသလောက် ဖျော်ဖြေပေးမှာပါ။ နားဆင်ခံစားအားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အရမ်းကြီး မြူးကြွနေတာလေးတွေ မပါဘူးပေါ့နော်။ လာရောက်အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ အဆိုတော် ညီမင်းခိုင်က ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာ ညီမင်းခိုင်ရဲ့ ဂီတခရီးစဉ်အတွင်း အနုပညာရှင်ပေါင်းများစွာအတွက် ရေးသားဖန်တီးပေးခဲ့ဖူးတဲ့ တေးသီချင်းတွေ၊ ကိုယ်တိုင်ရေးသားသီဆိုထားတဲ့တေးသီချင်းတွေအပြင် သူကိုယ်တိုင်ထုဆစ် ဖန်တီးပေးခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းလေးတွေကိုလည်း Special Guest Artists တွေအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ ဝေကြီး၊ မိုးဇန်၊ နေမင်းအိမ်၊ ဖြိုးမြတ်အောင်၊ ရတနာမိုင်၊ မေကြည်၊ နန်းကလျာအောင်တို့က ပါဝင်သီဆိုကြမှာလည်း ဖြစ်ပါတယ်။ သူ့ဟာတော့ ဂီတသက်တမ်း ၁၉ နှစ်ရှိပြီး တေးရေးတေးဆိုအနေနဲ့ မြန်မာ သံစဉ်နဲ့ ရခိုင်လိုပါတေးသီချင်းပေါင်း ၇၀၀ ကျော်ကို ရေးသားထားသူလည်းဖြစ်ပါတယ်။
တေးရေး တေးဆို ညီမင်းခိုင် ရဲ့ ၁၉ နှစ်ပြည့် ဂီတမှတ်တိုင်အမှတ်တရ ညလေးတစ်ညကို အတူတူ ဂုဏ်ပြုတဲ့အနေနဲ့ HI BIRD MUSIC BAND ၊ Live Performance တွေနဲ့အတူ တီးခတ်ပေးမှာဖြစ်ပါတယ်။
#ညီမင်းခိုင် #နေတိုး #ကျော်ကျော်ဗို #ဝေကြီး #မိုးဇန် #နေမင်းအိမ် #ဖြိုးမြတ်အောင် #NyiMinKhine #KyawKyawBo #NayToe #WaiGyi #NayMinEain #PhyoMyatAung #ရတနာမိုင် #မေကြည်
#THOR #19thAnniversary
