သက်တံ့
၁၅. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) သည် အမေရိကန်၏ မော်ဂျူလာနျူကလီးယားဓာတ်အားပေးစက်ရုံငယ် (small modular reactor (SMR)) နည်းပညာကို လေ့လာဆန်းစစ်ရန် အမေရိကန်အစိုးရအေဂျင်စီတစ်ခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USTDA) သည် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပဏာမဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုကို ကူညီပံ့ပိုးရန် EGAT နှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း မနေ့က (စက်တင်ဘာ ၁၄ ရက်) တွင် ကြေညာခဲ့သည်။
အဆိုပါ လေ့လာမှုတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ခန့် ထုတ်လုပ်နိုင်သည့် အမေရိကန်၏ SMR နည်းပညာကို လေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး ယင်းပမာဏသည် နေအိမ်ပေါင်း သောင်းချီအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း USTDA က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာသည်နှင့်အမျှ ရေရှည်ဓာတ်အားထုတ်လုပ်ရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် SMR နည်းပညာကို ထည့်သွင်းစဉ်းစားလျက်ရှိသည်။ USTDA ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သည့် အဆိုပါလေ့လာဆန်းစစ်မှုတွင် စီမံကိန်းတည်ဆောက်နိုင်မည့် နေရာများ၊ ခန့်မှန်းကုန်ကျစရိတ်များနှင့် SMR နည်းပညာကို ဆက်လက်အကောင်အထည်မဖော်မီ ထိုင်းနိုင်ငံဘက်မှ ပြင်ဆင်ရမည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များကို ဆန်းစစ်သွားမည်ဖြစ်သည်။
ယင်းလေ့လာဆန်းစစ်မှုသည် နည်းပညာထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် ဘက်လိုက်မှုမရှိဘဲ အမေရိကန်ကုမ္ပဏီ ၇ ခုဖြစ်သည့် GE Hitachi, Holtec, Kairos Power, NuScale, TerraPower, Westinghouse နှင့် X-Energy တို့၏ နျူကလီးယားဓာတ်ပေါင်းဖို ဒီဇိုင်းများကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။ တွေ့ရှိချက်များသည် EGAT အနေဖြင့် SMR နည်းပညာသည် ပိုမိုစိတ်ချရပြီး စုံလင်ကွဲပြားသော လျှပ်စစ်ဓာတ်အားပေးဝေမှုကို အထောက်အကူပြုနိုင်မည်လားဆိုသည်ကို အကဲဖြတ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ပြီး နျူကလီးယား အခြေခံအဆောက်အအုံ တည်ဆောက်ရန် လိုအပ်ချက်များကိုလည်း ပိုမိုရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်သည်။
USTDA ဒုတိယညွှန်ကြားရေးမှူး Thomas R. Hardy က အဆိုပါသဘောတူညီချက်သည် အမေရိကန်၏ နျူကလီးယားဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်နှင့် စိတ်ချရသော စွမ်းအင်နည်းပညာများ ရရှိနိုင်ရေး တိုးချဲ့ဆောင်ရွက်မှုကို ရောင်ပြန်ဟပ်နေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက အင်ဒို-ပစိဖိတ်ဒေသတွင်း ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံများနှင့် အမေရိကန်၏ ပိုမိုကျယ်ပြန့်သော စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် ဒေသတွင်းစွမ်းအင်လုံခြုံရေး ခိုင်မာအားကောင်းစေရေး ကြိုးပမ်းမှုများနှင့်ပါ ယခုစီမံကိန်းကို ဆက်စပ်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အနာဂတ်စွမ်းအင်စနစ်တွင် နျူကလီးယားနည်းပညာကို မည်သို့ထည့်သွင်းနိုင်မည်ကို သုံးသပ်နေချိန်တွင် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ SMR အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက် တိုးတက်လာသည်နှင့်အမျှ ထိုင်းနိုင်ငံ၏ ဓာတ်အားလိုင်း စီးဆင်းမှုကို ပိုမိုရုန်းကန်နိုင်စွမ်းရှိစေပြီး လုံခြုံစိတ်ချရမှု ဖြစ်စေမည်ဖြစ်သလို စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ဆက်လက်တိုးတက်ရေးကိုလည်း အဓိကအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း USTDA က ပြောကြားခဲ့သည်။
EGAT ဥက္ကဋ္ဌ ဒေါက်တာ နာရင် ဖာဝိုဝါနစ် (Dr. Narin Phaowanich) က SMR နည်းပညာသည် စွမ်းအင်လုံခြုံရေးကို ခိုင်မာစေပြီး ပိုမိုသန့်ရှင်းသော အနာဂတ်စွမ်းအင်ကို အထောက်အကူပြုနိုင်မည်လားဆိုသည်ကို အကဲဖြတ်ရန်အတွက် ယခုလေ့လာမှုသည် ထိုင်းနိုင်ငံအတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းနှင့် အမေရိကန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့စဉ်မှာပင် အမေရိကန်၏ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများနှင့် နျူကလီးယားနည်းပညာများထံမှ သင်ယူခွင့်ရမည့် အခွင့်အရေးတစ်ခုအဖြစ် EGAT က ရှုမြင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုလေ့လာမှုမှ ထွက်ပေါ်လာသည့် အကြံပြုချက်များသည် အနာဂတ်တွင် နျူကလီးယားစွမ်းအင် အစီအစဉ်တစ်ရပ် အကောင် အထည်ဖော်ရေး ထိုင်းနိုင်ငံ၏ ချဉ်းကပ်ပုံကို ပုံဖော်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ပြီး အနာဂတ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမေရိကန်ကုမ္ပဏီများ ပါဝင်ခွင့်ရရှိမည့် အခွင့်အရေးများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း USTDA က ဆိုသည်။
USTDA မှ ပံ့ပိုးပေးသည့် စီမံကိန်းများကို အမေရိကန်ကုမ္ပဏီများက ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာ လေ့လာဆန်းစစ်မှုအတွက် အဆိုပြုလွှာခေါ်ယူခြင်း (RFP) ကို မိမိတို့၏ ပြည်ပစီမံကိန်း လေလံပလက်ဖောင်းမှတစ်ဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်သည် ထိုင်းနှင့် အမေရိကန်တို့အကြား ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ အနာဂတ်လျှပ်စစ်ဓာတ်အားစနစ်တွင် SMR များ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ကို ဆက်လက်သုံးသပ်နေဆဲဖြစ်သဖြင့် ယခုလုပ်ငန်းသည် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုအဆင့်မှာပင် ရှိသေးသည်။
Ref: Thaiger
