၁၅.၉.၂၀၂၆
Translated by Htwe Ko Tun
ဘရာဇီးလ်နိုင်ငံတွင် နာမည်ကျော်အဆိုတော် ရေး ဗာကွီရို (Rey Vaqueiro) နှင့် ၎င်း၏အဖွဲ့သားများ လိုက်ပါလာသော လေယာဉ်တစ်စင်းသည် စက်တင်ဘာလ ၁၃ ရက် နံနက်က လေယာဉ်ကွင်းသို့ ဆင်းသက်ရန်ကြိုးစားစဉ် ပြေးလမ်းကိုကျော်လွန်ကာ ပျက်ကျမီးလောင်ကျွမ်းခဲ့သော်လည်း လေယာဉ်ပေါ်ပါသူအားလုံး အံ့ဖွယ်ကောင်းလောက်အောင်ပင် ပြင်းထန်သောဒဏ်ရာများ မရရှိခဲ့ကြဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။
ဘရာဇီးလ်နိုင်ငံ အရှေ့မြောက်ပိုင်း ပါရယ်လ်ဟက်စ်မြို့ လေယာဉ်ကွင်းသို့ ရေး ဗာကွီရို နှင့် အဖွဲ့သားများလိုက်ပါလာသော Cessna 550 Bravo အမျိုးအစား လေယာဉ်ဆင်းသက်စဉ် အနီးရှိ တောအုပ်ထဲသို့ လေယာဉ်ပျက်ကျကာ မီးတောက်များ လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့နေသော ရုပ်သံဗီဒီယိုတစ်ခု၌ တွေ့မြင်ရသည်။
လေယာဉ်၏ အင်ဂျင်နှစ်လုံးစလုံး မီးလောင်ကျွမ်းခဲ့သော်လည်း အသက် ၂၆ နှစ်အရွယ် အဆိုတော် ရေး ဗာကွီရို၊ အတူ လိုက်ပါလာသော အဖွဲ့ဝင် ၅ ဦးနှင့် လေယာဉ်မှူး ၂ ဦးတို့ အားလုံး အသက်ရှင်လွတ်မြောက်ခဲ့ကြသည်။
ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ဒေသတွင်း မီးသတ်ဌာန အကြီးအကဲ လီမာ ဗာဒီက လေယာဉ်ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် ပြေးလမ်းကျော်လွန်သွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု CNN Brasil သတင်းဌာနက ဖော်ပြသည်။
စုံစမ်းစစ်ဆေးသူများကလည်း ပြေးလမ်းတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်းနှင့် အနှစ် ၂၀ သက်တမ်းရှိ လေယာဉ်၏ လေကြောင်းပျံသန်းမှုဆိုင်ရာ ကြံ့ခိုင်မှုလက်မှတ် (airworthiness certificate) မှာ ၂၀၂၇ ခုနှစ် မေလအထိ သက်တမ်းရှိနေသေးကြောင်း ပြောကြားခဲ့သည်။
“Displicente – Ao Vivo” နှင့် “Veraozao (Ta Color)” သီချင်းများဖြင့် လူသိများသော ဗာကွီရိုက ဤလေယာဉ်ပျက်ကျမှုကြောင့် ကတ်စတိုဒီယာနှင့် ကန်ဟိုတင်ဟို မြို့များတွင် စက်တင်ဘာလ ၁၃ ရက်၌ ကျင်းပရန်စီစဉ်ထားသော ဖျော်ဖြေပွဲများကို ဖျက်သိမ်းလိုက်ရကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
လေယာဉ်ပေါ်ပါ လူရှစ်ဦးစလုံး ဘေးကင်းလုံခြုံမှုရှိပြီး လိုအပ်သော ဆေးကုသမှုအားလုံးကို ခံယူလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် အတည်ပြုဖော်ပြထားသည်။
စက်တင်ဘာလ ၁၄ ရက်တွင် ပါရမ်ဘူမြို့ ၌ ပြုလုပ်ရန်စီစဉ်ထားသော ဗာကွီရို၏ ဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ၎င်းက ယခုတစ်ပတ်အတွင်း နောက်ထပ် ဖျော်ဖြေပွဲ ရှစ်ပွဲပြုလုပ်ရန် စီစဉ်ထားရှိသေးသော်လည်း ၎င်းတို့ လုပ်ဆောင်ဖြစ် မဖြစ်မှာ မသေချာသေးပေ။
နားဆင်မှု ၃၇ ဒသမ ၇ သန်းအထိ ရရှိထားသည့် ရေး ဗာကွီရို၏ တောင်အမေရိကနိုင်ငံတစ်ဝန်း ပြုလုပ်နေသော “Septembro do Rey” ဖျော်ဖြေရေးခရီးစဉ်မှာ ယခုအခါခရီးစဉ်၏ တစ်ဝက်ခန့်သို့ ရောက်ရှိခါနီးအချိန်၌ ဤကဲ့သို့လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref-New York Post
