သက်တံ့
၁၅. ၉. ၂၀၂၆
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ (၄၈) ကြိမ်မြောက် အစောင့်အကြပ် စစ်သင်္ဘောအုပ်စုသည် ဧဒင်ပင်လယ်ကွေ့မှ အပြန်ခရီးတွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့သို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် မကြာသေးမီက ဧဒင်ပင်လယ်ကွေ့ရှိ ၎င်းတို့၏ တာဝန်များကို ပြီးစီးခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင် (Jiang Bin) က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ အပြန်တွင် ဝင်ရောက်လာမည့် သုံးနိုင်ငံခရီးစဉ်များအတွင်း တရုတ်ဘက်နှင့် သက်ဆိုင်ရာ မိတ်ဖက်နိုင်ငံများအကြား ရေရှည်တည်တံ့သော ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ပိုမိုမြှင့်တင်ရန်၊ အိမ်နီးချင်းနိုင်ငံများနှင့် အတူတကွ မျှဝေခံစားနိုင်သော အနာဂတ်အသိုက်အဝန်း တည်ဆောက်ရေးတွင် ပါဝင်ကူညီရန်အတွက် ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်ပွဲများနှင့် စစ်သင်္ဘောများအား လေ့လာကြည့်ရှုနိုင်သည့် အစီအစဉ်များ (Ship open days) ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းပင်က ပြောကြားခဲ့သည်။
ဒုံးကျည်တင် ဖျက်သင်္ဘော Tangshan၊ ဒုံးကျည်တင် ဖရီးဂိတ်စစ်သင်္ဘော Daqing နှင့် ထောက်ပံ့ရေးစစ်သင်္ဘော Taihu တို့ပါဝင်သော အဆိုပါ စစ်သင်္ဘောအုပ်စုသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် ဧဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန် ရေပြင်တို့၌ အစောင့်အကြပ်တာဝန်များ ထမ်းဆောင်ရန် စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဧဒင်ပင်လယ်ကွေ့နှင့် ဆူမာလီယာကမ်းလွန် ရေပြင်တို့တွင် ပင်လယ်ဓားပြရန်မှ ကာကွယ်ပေးရန် အစောင့်အကြပ် တာဝန်များကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်သင်္ဘောများကို အသုတ်လိုက် ၄၈ ကြိမ်အထိ အလှည့်ကျ စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့ပြီးဖြစ်သည်။
Ref: People Daily
