နေမိုး
၁၅. ၉. ၂၀၂၆
နေအိမ်တွင်အိပ်နေသည့် လက်နက်မဲ့အမျိုးသမီးတစ်ဦးကို ပဲခူး PDF လေးဦးက ဒလန်ဟုသမုတ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်မှု သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာနေ ဒေါ်နီလာမြင့်(ခ)သီတာ(၃၆)နှစ်သည် ၎င်း၏ နေအိမ်၌ အိပ်နေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်နီလာမြင့်(ခ)သီတာမှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ရှိသူများနှင့် လက်နက်မဲ့ပြည်သူများကို NUG ဩဇာခံ PDF များက သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဖမ်းဆီးရမိမှုနည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
