၁၄.၉.၂၀၂၆
Written by KL
ဆိုင်ဝန်ထမ်း အမျိုးသားနှစ်ဦး သေဆုံးခဲ့သော ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၈နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊စမ်းချောင်းလမ်းရှိ Bar4U စားသောက်ဆိုင်မီးလောင်မှုမှာ Pre Light မီးသီး Socket Loose ဖြစ်ရာမှ မီးပွားထွက်၍ အနီးရှိ အသံလုံဖော့ပြားသို့ မီးကူးစက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။
စမ်းချောင်းလမ်းရှိ အလျား ၁၃ ပေ၊ အနံ ပေ ၃၀ RC သုံးထပ် Bar4U စားသောက်ဆိုင်၏ မြေညီထပ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသားနှစ်ဦး မီးခိုးမွှန်ကာ သေဆုံးခဲ့ပြီး မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် Organic Spicy စားသောက်ဆိုင်၊ Phone Bank ဖုန်းဆိုင်၊ Bar 4U စားသောက်ဆိုင်၊ Win Star စားသောက်ဆိုင်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင် မီးလောင်မှုကြောင့် သေဆုံးခဲ့သော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၇ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၃၆နှစ် အရွယ် ဦးစိုင်းနော်ကို စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅၊ ၃၀၄ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
