၁၄.၉.၂၀၂၆
Translated by Htwe Ko Tun
တူရကီနိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်များက LGBTQ+ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြုလုပ်သော စီးနင်းရှာဖွေမှုများအတွင်း အာဏာပိုင်များက လူပေါင်း အနည်းဆုံး ၁၆၂ ဦးကို ဖမ်းဆီးခဲ့သည်။ လိင်တူချစ်သူများ၏ အရက်ဆိုင်များ (Gay Bars) နှင့် အခြားနေရာများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခြင်းသည် မိသားစုတန်ဖိုးများကို ကာကွယ်ရန် ရည်ရွယ်ကြောင်း တူရကီအစိုးရက ပြောကြားခဲ့သည်။
တူရကီနိုင်ငံတွင် လိင်တူဆက်ဆံခြင်းသည် ဥပဒေနှင့်မဆန့်ကျင်သော်လည်း၊ အာဏာရှင်ဆန်သော ခေါင်းဆောင် သမ္မတ ရီဆက် တေရစ် အာဒိုဂန် လက်ထက်တွင် LGBTQ+ အသိုင်းအဝိုင်းမှာ ပြင်းထန်သော ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရသည်။
မိသားစုတန်ဖိုးများကို ကာကွယ်ရန်အတွက်ဟုဆိုကာ ပြုလုပ်သော စီးနင်းရှာဖွေမှုများတွင် တူရကီ ရဲတပ်ဖွဲ့သည် လူပေါင်းအနည်းဆုံး ၁၆၂ ဦးကို ဖမ်းဆီးခဲ့ပြီး LGBTQ+ အဖွဲ့အစည်းခြောက်ခု၏ ရုံးခန်းများကို ရှာဖွေစစ်ဆေးခဲ့သည်။
ဖမ်းဆီးမှုများအပြင် အစိုးရအနေဖြင့် LGBTQ+ ဆက်စပ်အဖွဲ့အစည်းများနှင့် အခွင့်အရေးလှုပ်ရှားသူများပိုင် ဝက်ဘ်ဆိုက်များနှင့် လူမှုမီဒီယာအကောင့် ဒါဇင်ပေါင်းများစွာကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ကြောင်း အန်ကာရာအခြေစိုက် LGBTQ+ အခွင့်အရေးအဖွဲ့ Kaos GL က ပြောကြားခဲ့သည်။
ပြည့်တန်ဆာလုပ်ငန်းနှင့် ညစ်ညမ်းမှုဆိုင်ရာ စွပ်စွဲချက်များကြောင့် စတင်ခဲ့သော စုံစမ်းစစ်ဆေးမှုများကို အစ္စတန်ဘူလ်၊ အစ်ဇမာ၊ အန်ကာရာ၊ အေဒင်နှင့် မာဆင်မြို့များရှိ အစိုးရရှေ့နေများက ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ပြည်နယ် ၁၅ ခုအနှံ့ သံသယရှိသူ ၁၆၂ ဦး၊ အသိုင်းအဝိုင်းအဖွဲ့အစည်း ၉ ခုနှင့် စီးပွားရေးလုပ်ငန်း ၁၃ ခုတို့အပေါ် တရားစွဲရန်ရှိကြောင်း တူရကီ တရားရေးဝန်ကြီး အကင် ဂါလက်က ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အား ပေးအပ်ထားသည့် မိသားစုများနှင့် ကလေးများကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်အရ ကလေးများ၊ လူငယ်များ သို့မဟုတ် မိသားစုများကို ပစ်မှတ်ထားသည့် မည်သည့်ရာဇဝတ်ဂိုဏ်း၊ အလွဲသုံးစားပြုလုပ်သည့် ကွန်ရက် သို့မဟုတ် တရားမဝင်လုပ်ဆောင်ချက်ကိုမျှ ခွင့်ပြုမည်မဟုတ်ပါ” ဟု ဂါလက်က လူမှုမီဒီယာပို့စ်တစ်ခုတွင် ထပ်လောင်းပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏စစ်ဆင်ရေးများတွင် ပစ်မှတ်ထားခဲ့သည့် လိင်တူချစ်သူများဆိုင်ရာအရက်ဆိုင်များ၊ ညကလပ်များအပြင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရာနေရာဟု ဆိုထားသော ရေနွေးငွေ့ရေချိုးခန်း တစ်ခုတို့၌ ဝင်ရောက်စီးနင်းမှုများအတွင်း မူးယစ်ဆေးဝါးများ၊ ဒစ်ဂျစ်တယ်ပစ္စည်းများ၊ တရားမဝင်တင်သွင်းလာသော အရက်များနှင့် သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လိင်စိတ်တိမ်းညွတ်မှုနှင့် ကျား/မ လိင်ဆိုင်ရာ ကိုယ်ပိုင်ခံယူချက်တို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် ကလေးများနှင့် အရွယ်မရောက်သေးသူများအား မလျော်ကန်သောနည်းလမ်းဖြင့် လွှမ်းမိုးစည်းရုံးမှုများ ရှိနေကြောင်း ညွှန်ပြသည့် အထောက်အထားများကို တွေ့ရှိခဲ့ရသည်ဟု အစ္စတန်ဘူလ်မြို့ရှိ ပြည်သူ့ရှေ့နေရုံးက ထပ်လောင်းပြောကြားခဲ့သည်။
သို့သော် လူ့အခွင့်အရေးအဖွဲ့များကမူ အစိုးရအနေဖြင့် LGBTQ+ အသိုင်းအဝိုင်းကို မတရားသဖြင့် ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု ပြောဆိုလျက်ရှိပြီး Kaos GL အဖွဲ့ကလည်း ကလေးများ ကြည့်ရှုနိုင်သည့်နေရာတွင် ညစ်ညမ်းအကြောင်းအရာများ ပါဝင်သော ပို့စ်များကို တင်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားထားသည်။
အစိုးရက “ကျွန်ုပ်၏မိသားစုသည် လုံခြုံသည်” (My Family is Safe) ဟု အမည်ပေးထားသော ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးက သမ္မတ အာဒိုဂန်၏ “မိသားစုနှင့် လူဦးရေဆိုင်ရာ ဆယ်စုနှစ်” (Decade of Family and Population) အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဆိုပါအစီအစဉ်သည် လူဦးရေ သက်ကြီးရွယ်အိုများပြားလာနေသည့် နိုင်ငံအတွင်း လျင်မြန်စွာ ကျဆင်းနေသော မွေးဖွားနှုန်းကို ပြန် လည် မြှင့်တင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
တူရကီနိုင်ငံ၏ စာရင်းအင်းဌာနဖြစ်သော TurkStat ၏ အချက်အလက်များအရ ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်းမွေးဖွားနှုန်းသည် ၂ ဒသမ ၁၁ ရာခိုင်နှုန်းမှ ၁ ဒသမ ၅၁ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း ဤပြောင်းလဲမှုကြောင့် နိုင်ငံ၏ မွေးဖွားနှုန်းသည် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများ၏ မွေးဖွားနှုန်းများနှင့် ပိုမိုနီးစပ်လာစေခဲ့သည်။
တူရကီနိုင်ငံတွင် လိင်တူဆက်ဆံခြင်းသည် ဥပဒေနှင့်မဆန့်ကျင်သော်လည်း လိင်တူချစ်သူများကို မုန်းတီးရွံရှာသည့်စိတ်ဓာတ် များပြားလျက်ရှိပြီး သမ္မတ အာဒိုဂန်က နိုင်ငံ၏ မွေးဖွားနှုန်း လျင်မြန်စွာ ကျဆင်းရခြင်းအတွက် LGBTQ များကို လိင်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သူများအဖြစ် အပြစ်တင် ပြောဆိုလေ့ရှိသည်။
လေ့လာစောင့်ကြည့်သူများကမူ မွေးဖွားနှုန်း ကျဆင်းရခြင်း၏ အမှန်တကယ် အကြောင်းရင်းများက လူနေမှုပုံစံကြောင့် ဖြစ်သည်ထက် ဖွဲ့စည်းပုံဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်နိုင်ခြေပိုများကြောင်း သုံးသပ်ပြောဆိုကြသည်။
တူရကီနိုင်ငံ၏ ကြာရှည်စွာ ဆိုးရွားနေသော ငွေကြေးအကျပ်အတည်း၊ ငွေကြေးဖောင်းပွမှု၊ အိမ်ခြံ မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ မိသားစုအတွက် အဆင်မပြေသော လုပ်ငန်းခွင် ပတ်ဝန်းကျင်၊ တတ်နိုင်သောဈေးနှုန်းဖြင့် ကလေးထိန်းစောင့်ရှောက်မှု ရရှိနိုင်မှု နည်းပါးခြင်းနှင့် အမျိုးသမီးများ၏ ပညာရေးနှင့် အလုပ်အကိုင် ရရှိမှုနှုန်း မြင့်မားလာခြင်းတို့က တူရကီနိုင်ငံသားများအနေဖြင့် ကလေးယူခြင်းကို ရွှေ့ဆိုင်းစေခြင်းနှင့် ကလေးယူသည့်အခါတွင်လည်း ကလေးအရေအတွက် လျော့နည်းစေခြင်းတို့၏ အကြောင်းရင်းများအဖြစ် သတ်မှတ်ခံထားရသည်။
Ref : AFP
