သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဖနောင်ပင်မြို့ရှိ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
“မိမိ၏ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာသံရုံး၊ ဖနောင်ပင်မြို့သို့ လာရောက်၍ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး တို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံရသည့်အတွက် များစွာ ဝမ်းမြောက်ပါသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော သံအမတ်ကြီးနှင့်တကွ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ချီးကျူးပါကြောင်းနှင့် ကျန်းမာရွှင်လန်းစွာဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်။”ဟုလည်း နိုင်ငံတော်သမ္မတကြီးက ဆုမွန်ကောင်းတောင်းစာ အမှတ်တရရေးသားပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတကြီးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
