◾ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပရိဝုဏ်အတွင်း ကမ္ဘောဒီးယားဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေး ကမ်းလှမ်းပြီး သာသနာရေးနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှောက်ထား
သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ အချိန်တွင် Preah Sihamoniraja ဗုဒ္ဓ တက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အားဖူးမြော်ကြည်ညိုသည်။
အဆိုပါ ဖူးမြော်မှုတွင် နိုင်ငံတော်သမ္မတက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံစဥ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပရိဝုဏ်အတွင်း ကမ္ဘောဒီးယားဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေး ကမ်းလှမ်းပြီး သာသနာရေးနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့မှု ပြန်လည်လျှောက်ထားခဲ့သလို ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်ရေးနှင့် ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်ပွဲသို့ နိုင်ငံတော် နိုင်ငံတော်သမ္မတတက်ရောက်စေလိုကြောင်းနှင့် နိုင်ငံတော်သမ္မတက လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့သလို ဆရာတော်က ဓမ္မလက်ဆောင် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ၏ ခမည်းတော်ဘုရင်ဖြစ်သည့် Preah Bat Samdech Preah NORODOM SIHANOUK “PREAH BOROM RATANAK KAUDH”၏ ရုပ်တုတို့တွင် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုခဲ့သည်။
ထို့အတူ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် အထက်လွှတ်တော်ခန်းမတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo HUN Sen နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပခဲ့သလို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet နှင့် နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲ ပြုလုပ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆွေးနွေးခဲ့သည့်အပြင် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech Maha Rathsapheathika Thipadei Khuon Sudary နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
