သက်တံ့
၂၂. ၈. ၂၀၂၆
မြန်မာပြည်မှာ ရေပန်းစားခဲ့ဖူးတဲ့ မော်ဒယ်လောကရဲ့ ရှေ့ဆောင် Star & Model Int’l လုပ်ငန်းရှင် ဂျွန်လွင့်ထံက ကျပ်သိန်း ၁၁၅၀ လိမ်လည်သူ သုံးဦးစလုံး ဖမ်းမိခဲ့ပြီလို့ ဂျွန်လွင်က အသိပေးပါတယ်။
ဖမ်းမိသူသုံးဦးဟာ Thidar Myint အကောင့်အယောင်ဆောင်ပြီး နေအိမ်ဝယ်မယ်အကြောင်းပြကာ ငွေလာချေချိန်မှာ ပေါင်းပေးမယ် အကြောင်းပြပြီး ကျပ်သိန်း ၁၁၅၀ ကို ဂျွန်လွင်နဲ့ အခြားနှစ်ဦးက ကျပ်သိန်း ၄၀၀၊ သိန်း ၂၅၀ နဲ့ ကျပ်သိန်း ၅၀၀ သုံးကြိမ်လွှဲပေးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လိမ်လည်သူသုံးဦးက အမျိုးသားနှစ်ဦးနဲ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့လည်း သိရပြီး ကျူးလွန်သူ ဖြူသသက်သက်ခိုင်ဆိုတဲ့ အမျိုးသမီးဟာ အရင်ကလည်း လိမ်လည်မှုတွေ ကျူးလွန်ခဲ့သူလို့ လူမှုကွန်ရက်မှာ ဂျွန်လွန်က ရေးသားထားပြီး တရားခံသုံးဦးစလုံးကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဂ) နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ခဲ့ပြီး နှစ်လခန့်အကြာမှာ အားလုံးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။






“ကျွန်တော်ငွေ သိန်း ၁၁၅၀ လိမ်သော တရားခံ သုံးဦး လုံး ဖမ်းမိပါပြီ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံတော်ဗဟိုဘဏ်နဲ့ KBZ ဘဏ် အထူးကျေးဇူး တင်ရှိပါတယ်။ကျွန်တော့်ရဲ့ KBZ ဘဏ်အကောင့်မှတစ်ဆင့် လွှဲပေးလိုက်သော ငွေ ကျပ်သိန်း ၅၀၀ အား တားထားပေးသောနိုင်ငံတော် ဗဟိုဘဏ်နဲ့ KBZ ဘဏ်ကိုလည်းကျေးဇူးတင်ပါတယ်။ KBZ ဘဏ်အကောင့်မှ ငွေ ကျပ်သိန်း ၅၀၀ အား ဗဟိုဘဏ်မှချမှတ်ထားသော ငွေ အတိုင်းအတာထက်ကျော်လွန်၍ ဥပဒေနှင့်မညီ ငွေသားထုတ်ပေးခဲ့သောဒေါ်မျိုးကြည်အားသက်ဆိုင်ရာဘဏ်မှ စာချုပ်များ၊ ဘဏ် Account များအား ရုပ်သိမ်းမှုပြုလုပ်သင့်ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်မှချမှတ်ထားသည့် တည်ဆဲဥပဒေအရထည့်သွင်း၍တရားစွဲဆိုသင့်ပါတယ်လို့ထင်မိပါတယ်။ထိုသို့ထည့်သွင်း၍ တရားစွဲဆိုမှသာ အလွယ်တကူငွေထုတ်ပေးမှု၍ရပ်တန့်သွားမည်ဖြစ်ပြီး ငွေကြေးလိမ်လည်မှုများ လုံးဝပပျောက်သွားမည်ဖြစ်ပါတယ်။ငွေလိမ်လည်မှုအား ဖော်ထုတ်ပေးခဲ့ပါသော ရဲတပ်ဖွဲ့၊နိုင်ငံတော်ဗဟိုဘဏ်နှင့် KBZ ဘဏ်ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ Online လိမ်လည်မှုဥပဒေ အသစ် ထွက်ပေါ်လာခြင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ ဂျွန်လွန် (ခ) ဦးတင်အောင်လွင်က လူမှုကွန်ရက်မှာ ဒီနေ့ အသိပေးထားပါတယ်။
