သက်တံ့
၂၂. ၈. ၂၀၂၆
ခရိုအေးရှားနိုင်ငံ ကမ်းရိုးတန်းဒေသရှိ ဗီလီဘစ် (Velebit) တောင်ပေါ်တွင် သောကြာနေ့က လူစီးအပေါ့စားလေယာဉ်ငယ် (Ultralight aircraft) တစ်စီး ပျက်ကျခဲ့ရာ လူ ၂ ဦး သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတကာသုံး လေယာဉ်အမှတ်အသားအဖြစ် မှတ်ပုံတင်ထားသည့် အဆိုပါ အပေါ့စားလေယာဉ်သည် ချက်သမ္မတနိုင်ငံ (Czech Republic) မှ ခရိုအေးရှား ကမ်းရိုးတန်းမြို့ဖြစ်သော ဇာဒါ (Zadar) သို့ ပျံသန်းလာစဉ် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၄ မိနစ်ခန့်တွင် လေယာဉ်၏ ရေဒါအချက်ပြမှုမှာ နိုင်ငံ၏လေကြောင်းထိန်းသိမ်းရေးဌာန (Croatia Control) ထံမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ အချက်ပြမှုကို ဇာဒါမြို့၏ အရှေ့မြောက်ဘက်တွင် နောက်ဆုံးမြင်တွေ့ခဲ့ရသဖြင့် ထိုနေရာတစ်ဝိုက်တွင် အကြီးစား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းစတင်ခဲ့ကြသည်။
ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် တောင်ပေါ်ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းထားသော အဖွဲ့သည် ဒရုန်းများကို အသုံးပြု၍ အချက်ပြမှုနောက်ဆုံးမြင်တွေ့ရာ မတ်စောက်ကြမ်းတမ်းသည့် ပက်ကလေနီကာ (Paklenica) အမျိုးသားဥယျာဉ်နယ်နိမိတ်အတွင်း ရှာဖွေခဲ့ကြသည်။ ဆိုးရွားသော ရာသီဥတုကြောင့် အစပိုင်းတွင် နှောင့်နှေးမှုများ ရှိခဲ့သော်လည်း ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် လေယာဉ်ပျက်စီးမှု အကြွင်းအကျန်များနှင့် ရုပ်လောင်း ၂ ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် လေယာဉ်ပျက်ကျသည့် နေရာကို လုံခြုံရေးယူထားပြီး မတော်တဆမှု၏ အကြောင်းရင်းနှင့် အချက်အလက်များအားလုံးကို အတည်ပြုနိုင်ရန် တရားဝင် စုံစမ်းစစ်ဆေးမှုများကို စနေနေ့နံနက်ပိုင်းတွင် စတင်ပြုလုပ်သွားမည်ဟု ရဲတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။
Ref: Xinhua
