၂၂.၈.၂၀၂၆
Written By Thandar
Rangoun နဲ့ ခတ္တိယ Production တို့ ပူးပေါင်းတင်ဆက်တဲ့ ထိတ်လန့်ခြောက်ခြား၊ အံ့ဩတုန်လှုပ်ဖွယ် ဇာတ်လမ်းပုံစံ “ဂေဟာ” ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကို ဩဂုတ်လ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာက အမှတ်တရတွေက အများကြီးပါပဲ။ တစ်ဖွဲ့လုံးက နေ့ရော ညရော ကြိုးစားရိုက်ကူးခဲ့တာတော့ အမှတ်တရပါပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေ နေထိုင်ကြရာကနေ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ ဇာတ်ကိုပဲ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ပရိသတ်တွေ ကြည့်ရှုရင် သဘောကျကျေနပ်ရမယ့် ဇာတ်ပါ။ ထိတ်လန့် ခြောက်ခြားစရာလေးတွေ အကောင်းဆုံး ပုံဖော်ထားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သရဲကြောက်တတ်တော့ ဘယ်လိုဆို ပရိသတ်ကြောက်နိုင်မလဲတွေ ဖြည့်တွေးပြီး ရိုက်ထားတယ်။ ဇာတ်အိမ်က လျှို့ဝှက်ချက်တွေလည်းပါတယ်ဆိုတော့ ပရိသတ်ကြည့်ရှုရင် စိတ်လှုပ်ရှားစရာတွေ ပါပါတယ်”လို့ ဒါရိုက်တာ ပြည်သစ်နိုင်က ပြောပါတယ်။
ဒီဇာတ်ကားက စာရေးဆရာ မဧကံရဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်း ခေတ်ရှေးညိုက ရေးသားပြီး ဒါရိုက်တာ ပြည်သစ်နိုင်က ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ခိုလှုံရာ ဂေဟာကြီးတစ်ခုအတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီးတော့ နှစ်ပေါင်းများစွာက ဖုံးကွယ်ထားတဲ့ ဆန်းကြယ်ထိတ်လန့်ဖွယ် အဖြစ်အပျက်တွေကို Horror/Thriller ဇာတ်အိမ်နဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ ကျော်ဆု၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ သံစဥ်ဆည်းဆာ၊ ထူးမွန်၊ မင်းသူ၊ သွန်းသစ္စာဇော်၊ ဟိန်းရတု၊ ရန်လင်းအောင်၊ နက်ရှိင်းကို၊ မေမြန်မာ၊ မေသက်ကျော်၊ မေမြတ်စံ၊ ဆုပန်မေ၊ မေရီမောင်၊ တင်ဇာ၀င်းပြည့်၊ သာသာ၊ အေးအေးအောင်၊ မောင်မောင်မျိုးသန့်၊ ရွှေရည်ဝင့်အောင်၊ ကလေးသရုပ်ဆောင် အိန္ဒြေသွန်းဆက်တို့ ပါဝင်ထားကြပါတယ်။
“ဂေဟာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ စတင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
#ဖွေးဖွေး #ကျော်ဆု #KyawSu #PhwayPhway #SoeMyatThuzar #စိုးမြတ်သူဇာ #ဂေဟာရုပ်ရှင်ဇာတ်ကားကြီး #HorrorMovie #Rangoun #ခတ္တိယProduction










