သက်တံ့
၂၂. ၈. ၂၀၂၆
ပြာလွင်နေသော ကောင်းကင်ယံအောက်တွင် ဖြူဖွေးသည့် ပိုက်ကွန်ကြီးတစ်ခုကို ဖြန့်ကြက်ထားသည်။ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် ရပ်နေသော စစ်သည်တစ်ဦးသည် ပိုက်ကွန်ကို လက်နှစ်ဖက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေသည်။ ငါးဖမ်းပိုက်ပြင်နေသည်နှင့် တူသော်လည်း ထိုနေရာက ပင်လယ်မဟုတ်ချေ။ ယူကရိန်းအရှေ့ပိုင်း ဒိုးနက်ဆက်ဒေသ (Donetsk Oblast) စလိုဗီယန်းစ်ခ် (Sloviansk) မြို့တွင် ယူကရိန်းတပ်မတော်၏ ၁၂၂၁ ခုမြောက် သီးခြားထောက်ပို့တပ်ရင်းမှ စစ်သည်များသည် လမ်းမပေါ်တွင် ဒရုန်းကာကွယ်ရေး ပိုက်ကွန်များကို ဩဂုတ် ၁၇ ရက်က ပြင်ဆင်နေကြခြင်းဖြစ်သည်။ ယင်းသည် ရုရှားစစ်တပ်၏ FPV ဒရုန်းများ ယာဉ်များနှင့် တပ်ဖွဲ့ဝင်များထံ ချဉ်းကပ်လာမှုကို တားဆီးပေးသည့် နောက်ဆုံးကာကွယ်ရေးလိုင်းအဖြစ် ဆောင်ရွက်ပေးသည်။

ရုရှား၏ဒရုန်းများကို တားဆီးနိုင်သော ယူကရိန်း၏ စစ်သုံးအရပ်သုံးပိုက်ကွန်များသည် ရိုးရိုးပိုက်ကွန်များထက် အဆပေါင်းများစွာ ခိုင်ခံ့သည့် High-Density Polyethylene (HDPE)၊ Ultra-High-Molecular-Weight Polyethylene (UHMWPE) သို့မဟုတ် သံမဏိကြိုးမျှင် (Steel mesh) များဖြင့် ရက်လုပ်ထားသောကြောင့် မြန်နှုန်းမြင့်မားစွာ ပျံသန်းလာသော ဒရုန်းများ၏ ရိုက်ခတ်မှုကို ဒဏ်ခံနိုင်သလို ဒရုန်း၏ ဒလက် (Propeller) များကို ချက်ချင်း ရစ်ပတ်သွားစေပြီး မော်တာကို ရပ်တန့်သွားအောင် အထူးပြုလုပ်ထားသည်။ ထို့အပြင် ဒရုန်းများတွင် ပါလာသည့် ဖောက်ခွဲရေးပစ္စည်းများ သို့မဟုတ် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာမည့် အပူဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်အောင် မီးလောင်လွယ်ခြင်းမရှိသည့် (Flame-retardant) ဒြပ်ပေါင်းများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
လတ်တလောတွင် ရုရှား၏ KAB လမ်းညွှန်ဝေဟင်ပစ်ဗုံး အများအပြားသည် စလိုဗီယန်းစ်ခ်ရှိ စက်ရုံတစ်ခုကို ထိမှန်ခဲ့ပြီး တပ်ဆင်ထားသည့် ပိုက်ကွန်များကို ပြင်းထန်စွာ ပျက်စီးစေခဲ့သည်။ စစ်သည်များသည် စာလိပ်များနှင့်တူသော ပိုက်ကွန်သစ်များကို ဖြန့်ထုတ်ကာ လမ်းမများပေါ်တွင် ပြန်လည်တပ်ဆင်ခဲ့ကြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ပြဲသွားသည့် ပိုက်ကွန်များကို ပြန်လည်ပြင်ဆင်သည့်လုပ်ငန်းကို ယူကရိန်းရှေ့တန်းစစ်မျက်နှာတစ်လျှောက် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ယူကရိန်းရှေ့တန်းအနီးရှိ လမ်းမများတစ်လျှောက်တွင်လည်း ဒရုန်းကာကွယ်ရေးပိုက်ကွန်များကို ဆက်တိုက်တပ်ဆင်လျက်ရှိသည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ် ဇူလိုင်လအထိ အဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ၁,၁၈၄ ကီလိုမီတာကျော်တွင် ကာကွယ်ရေးပိုက်ကွန်များ တပ်ဆင်ခဲ့ပြီးဖြစ်သည်။ ဖေဖော်ဝါရီလတွင် ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ်မကုန်မီ ပိုက်ကွန် ကီလိုမီတာ ၄,ဝဝဝ အထိ ထပ်မံတပ်ဆင်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။
အဆိုပါပိုက်ကွန်များသည် ဒရုန်းများကို ထပ်မံပျံသန်းမရအောင် ငြိတွယ်စေပြီး ပစ်မှတ်များထံ မရောက်ရှိအောင် တားဆီးပေးသည်။ စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ရေဒီယိုလှိုင်းနှောင့်ယှက်မှု (Radio Jamming) ကို ခံနိုင်ရည်ရှိသော Fibre Optic Cable များဖြင့် ထိန်းချုပ်သည့် FPV ဒရုန်းများ တိုးပွားလာရာ ရူပဗေဒနည်းအရ တားဆီးသည့် အတားအဆီးများ၏ လိုအပ်ချက်မှာ ပိုမိုမြင့်မားလာခဲ့သည်။ ယခုအခါ ပိုက်ကွန်များကို ရှေ့တန်းလမ်းကြောင်းများတွင်သာမက ဒေသခံများအသုံးပြုသည့် အရပ်ဘက်လမ်းကြောင်းများတွင်ပါ တပ်ဆင်ထားသည်။
ဩဂုတ် ၂၀ ရက်က ဇာပိုရီးရှားဒေသရှိ ပိုက်ကွန်တစ်ခုသည် ရုရှား FPV ဒရုန်းတစ်စင်းကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။ လမ်းမပေါ်ရှိ ကာကွယ်ရေးပိုက်ကွန်ကွန်ရက်တွင် ငြိတွယ်နေသော အနက်ရောင်ဝတ္ထုသည် ရန်သူ့ဒရုန်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဇူလိုင် ၂၅ ရက်က ခါကိဗ်ဒေသ အိဇယွမ်မြို့အနီးတွင် အမျိုးသမီးတစ်ဦးသည် ပိုက်ကွန်အောက်ရှိ စျေးဆိုင်လေးတစ်ခုတွင် အိမ်တွင်းဖြစ်စားစရာများကို ခင်းကျင်းရောင်းချခဲ့သည်။
နိုင်ငံတကာမီဒီယာများက စစ်ပွဲ၏ ပျက်စီးဆုံးရှုံးမှုများကို အဓိကထားဖော်ပြနေချိန်တွင် ပဋိပက္ခများကြားမှ ဝမ်းစာအတွက် ရုန်းကန်နေရသည့် ဒေသခံများ၏ နေ့စဉ်ဘဝ ပုံရိပ်အချို့လည်း ထွက်ပေါ်လာခဲ့သည်။ အဆင့်မြင့်ကြားဖြတ်ဟန့်တားမှု စနစ်များနှင့် အလှမ်းဝေးလှသော ပါးလွှာသည့် ပိုက်ကွန်များသည် ယူကရိန်း၏ ရှေ့တန်းစစ်မျက်နှာရော အရပ်ဘက်နေရာများကိုပါ ကာကွယ်ပေးသည့် အရေးပါသော တံတိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ရုရှားနှင့် ယူကရိန်းအကြားစစ်ပွဲတွင် စစ်ကားများ၊ တင့်ကားများနှင့် အကာအကွယ်စခန်းများကို FPV ဒရုန်းများရန်မှ ကာကွယ်ရန် ပိုက်ကွန်များနှင့် သံဇာခေါင်မိုးများ (Cope Cages / Net Armor) ကို ရုရှားဘက်က စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရုရှားသည် စစ်ပွဲမစတင်မီ ၂၀၂၁ နှစ်ကုန်ပိုင်းနှင့် စစ်ပွဲစတင်ချိန် ၂၀၂၂ ခုနှစ်ဆန်းပိုင်းတို့တွင် ၎င်းတို့၏ T-72 နှင့် T-82 တင့်ကားများပေါ်၌ Javelin ကဲ့သို့ အထက်မှဆင်းတိုက်သည့် ဒုံးကျည်များနှင့် ဒရုန်းများကို ကာကွယ်ရန် သံဇာမိုးများ (Cope Cages) ကို စတင်တပ်ဆင်ခဲ့သည်။ FPV (First-Person View) တိုက်ခိုက်ရေးဒရုန်းများ ခေတ်စားလာပြီးနောက် ပေါ့ပါးပြီး တပ်ဆင်ရလွယ်ကူသည့် သံပိုက်ကွန်၊ ငါးဖမ်းပိုက်ကွန်နှင့် သံဇာများကို စစ်ကားများ၊ တင့်ကားများ၏ ဘေးပတ်ပတ်လည်တွင် ပတ်တပ်ဆင်သည့် နည်းလမ်းကို ရုရှားစစ်တပ်က ဦးဆောင်ပြုလုပ်ခဲ့သည်။ ရုရှား၏ အဆိုပါ ကာကွယ်ရေးနည်းလမ်း ထိရောက်မှုကို မြင်တွေ့ရပြီးနောက် ယူကရိန်းဘက်ကလည်း ၎င်းတို့၏ တင့်ကား၊ လက်နက်ကြီးများနှင့် စစ်ကားများတွင် ပိုက်ကွန်များနှင့် သံဇာမိုးများကို အပြိုင်အဆိုင် တပ်ဆင်အသုံးပြုလာခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ဖက်စလုံးက အဆိုပါ ပိုက်ကွန်စနစ်များကို စစ်မြေပြင်သုံး အဓိက ဒရုန်းကာကွယ်ရေး နည်းဗျူဟာတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီ ဖြစ်သည်။
Ref: The ChoSunilbo

