သတိုး
၂၂. ၈. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဘယ်လာရုစ်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် သဘောတူညီချက်များအားလုံး ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးမည်ဟု ဘယ်လာရုသမ္မတ လူကာရှန်ကိုက အာမခံ ကတိပြုပြောကြားလိုက်သည်။


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “လေးစားအပ်ပါသော အဆွေတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့တကွ အခမ်းအနားကို တက်ရောက်လာကြသူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမှုမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့အတူ ဆွေးနွေးမှုများကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ စီးပွားရေးဆိုင်ရာကဏ္ဍများ၊ စိုက်ပျိုးရေးဆိုင်ရာကဏ္ဍများ၊ အခြားသော ကဏ္ဍပေါင်းစုံ အခန်းကဏ္ဍများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက်လည်း ဘယ်လာရုစ်ဘက်က အဆင်သင့်ရှိကြောင်းလည်း ပြောလိုပါတယ်။ လက်ရှိတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အထောက်အကူပြုသွားမယ်လို့လည်း ပြောလိုပါတယ်။ လက်ရှိ ၂၁ ရာစုမှာ နိုင်ငံရေး သဘောတရားတွေ အများကြီးပြောင်းလဲနေပေမဲ့လည်း ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာရှိတဲ့ ယုံကြည်မှု၊ ခင်မင်ရင်းနှီးမှုကြောင့် နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အပြန်အလှန် ခရီးစဉ်တွေလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်အတွက်ဆွေးနွေးမှုထဲမှာ အရေးအကြီးဆုံးအချက်ကတော့ နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်နိုင်ငံကြားမှာ သံရုံးများကို အပြန်အလှန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်တဲ့အချိန်မှာ ၂၀၂၆-၂၀၂၈ Roadmap ကို အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးတွဲကော်မရှင်များနှင့် အခြားပူးတွဲကော်မရှင်များကနေ အခြေခံပြီးတော့ အဓိကဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို တက်တက်ကြွကြွဆောင်ရွက်မှသာ မိမိတို့အနေနဲ့ ရှေ့ဆက်သွားမယ့် ဆက်ဆံရေးမှာလည်း အားလုံးအဆင်ပြေမယ်လို့လည်း ကျွန်တော် ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ခုနကပြောသွားတဲ့ ဒီအချက်အလက်တွေအားလုံးကို ပိုမိုပြီးတော့မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံကကျောင်းသားတွေကို ဘယ်လာရုစ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားသွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံကြားမှာ နှစ်နိုင်ငံပါလီမန်အချင်းချင်း ဆက်ဆံမှု၊ နှစ်နိုင်ငံနိုင်ငံရေးပါတီများအကြား ဆက်ဆံမှုကိုလည်း ဆက်လက်တိုးမြှင့်သွားမယ်လို့ ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွေတင်မကဘဲ တခြားသောကဏ္ဍများ တိုးတက်ဖွံ့ဖြိုးဖို့ရည်ရွယ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား တစ်ဦးနဲ့ တစ်ဦးဆက်သွယ်မှုတွေ ပိုမိုများပြားလာမယ်၊ ဆက်သွယ်မှုများပြားလာတဲ့ နောက်ပိုင်းမှာ ဆက်ဆံရေးတွေကိုလည်း ပိုမို ကောင်းမွန်အောင်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်ရယ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကျေးဇူးတင်ရှိကြောင်းလည်းပြောလိုပါတယ်။ အဓိကကတော့ သူအနေနဲ့ ကျွန်တော်တို့နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်ဆံရေးတွေကိုတည်ဆောက်တဲ့အခါမှာ ပုဂ္ဂိုလ်ရေးအရ အားတက်သရောဆောင်ရွက်ခဲ့သလို မပြောင်းလဲတဲ့သဘောတရားနဲ့ အခုချိန်ထိ ကျွန်တော်တို့အပေါ်မှာ ဆက်ဆံပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အဆွေတော် သမ္မတကြီးခင်ဗျာ၊ ကျွန်တော်တို့အနေနဲ့ ဒီနေ့ထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ အာမခံနိုင်တာကတော့ အဆွေတော်သမ္မတကြီးနဲ့ ကျွန်တော်နဲ့ ဒီနေ့ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ၊ အခုလာရောက်တဲ့ ခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေ အားလုံးကို ကျွန်တော်တို့ ဘယ်လာရုစ်ဘက်ကနေပြီးတော့ ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်မယ်လို့ အာမခံပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။”ဟု ပြောကြားခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း မြန်မာ-ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ ပညာရေးနှင့်လူငယ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံအကြား တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးသဘောတူညီချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့်ကြည်နိုင်သော အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့် မှတ်တမ်းလွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus” တို့အကြား ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)နှင့် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စသည့်နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဘယ်လာရုစ်သမ္မတ နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့ရှေ့မှောက်၌ လဲလှယ်ခဲ့ကြသည်ဟု သိရသည်။
