သက်တံ့
၂၂. ၈. ၂၀၂၆
ဂျပန်နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ပါချင်ကို (Pachinco) လောင်းကစားရုံအား မီးရှို့၍ လူ ၅ ဦးကို သေဆုံးစေခဲ့သူ အမျိုးသားတစ်ဦးအား သောကြာနေ့ (ဩဂုတ် ၂၁ ရက်) က ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။
ယင်းသည် ပိုမိုပွင့်လင်းမြင်သာမှုရှိရန်နှင့် သေဒဏ်ဖျက်သိမ်းရန် တောင်းဆိုမှုများ မြင့်တက်နေချိန်တွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ (Sanae Takaichi) အစိုးရလက်ထက် ပထမဆုံးအကြိမ် ကွပ်မျက်မှုဖြစ်သည်။
ဆူနာအို တာကာမိ (Sunao Takami) သည် အိုဆာကာမြို့ရှိ လူသိများလှသော ပါချင်ကိုရုံအတွင်းသို့ ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့သဖြင့် အဆောက်အအုံတစ်ခုလုံး မီးစွဲလောင်ခဲ့ပြီး လူ ၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားရေးဝန်ကြီး ဟိရောရှိ ဟိရာဂုချိ (Hiroshi Hiraguchi) က ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်ဟာ အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲကျိုးတွေကို ဖြစ်ပေါ်စေခဲ့ပြီး လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ ထိတ်လန့်တုန်လှုပ်မှုကို ပေးခဲ့ပါတယ်” ဟု တရားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သလို “အသက်ဇီဝိန် နှုတ်ယူခြင်းခံခဲ့ရတဲ့ သေဆုံးသူတွေဟာ မှန်းဆလို့မရနိုင်တဲ့ နာကျင်မှုနဲ့ ကြောက်ရွံ့မှုကို ခံစားခဲ့ရမှာဖြစ်သလို ဒဏ်ရာရရှိခဲ့သူတွေလည်း ရေရှည်နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေကြရပါတယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် “တရားရေးဝန်ကြီးတစ်ယောက်အနေနဲ့ သေချာကျနစွာ သုံးသပ်ပြီးတဲ့နောက်မှာ ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်” ဟု အဆိုပါဝန်ကြီးက ဆိုသည်။
ကြိုးပေးကွပ်မျက်မှုကို သောကြာနေ့နံနက်အစောပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အသက် ၅၈ နှစ်အရွယ် တာကာမိကို လူသတ်မှု၊ လူသတ်ရန် ကြံစည်မှုနှင့် မီးရှို့မှုတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရအပြီး ၂၀၁၁ ခုနှစ် အိုဆာကာခရိုင်တရားရုံး၏ အမိန့်ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သူ၏ အယူခံများကို ၂၀၁၆ ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပြီး သေဒဏ်အတည်ပြုခဲ့သည်။ ဂျပန်တွင် လက်ရှိ၌ ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုထားသူ ၄၃ ဦးအပါအဝင် သေဒဏ်ကျခံနေရသူ ၁၀၀ ရှိကြောင်း ဟိရာဂုချိက ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ အများစုမှာ သေဒဏ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်၍ ဂျပန်နိုင်ငံသည် သေဒဏ်ကျင့်သုံးမှုနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဂျပန်နှင့် အမေရိကန်တို့သည် စက်မှုထိပ်သီး G7 နိုင်ငံများအနက် သေဒဏ်ကျင့်သုံးသည့် တစ်ခုတည်းသော နှစ်နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် သေဒဏ်ကျခံခဲ့ရသည့် သက်တမ်းအကြာဆုံး အကျဉ်းသား အိဝါအို ဟာကာမာဒါ (Iwao Hakamada) သည် ၂၀၂၄ ခုနှစ်တွင် အပြစ်မရှိကြောင်း သက်သေပြနိုင်သဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် သေဒဏ်ဖျက်သိမ်းရန် သို့မဟုတ် ပွင့်လင်းမြင်သာမှု မြှင့်တင်ရန် တောင်းဆိုမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။
ဂျပန်နိုင်ငံတွင် ကွပ်မျက်မှုများကို လျှို့ဝှက်စွာ ပြုလုပ်လေ့ရှိပြီး အကျဉ်းသားများကို ကြိုးပေးမည့် နံနက်ခင်းရောက်မှသာ သူတို့၏ ကြမ္မာကို အကြောင်းကြားလေ့ရှိသည်။ ၂၀၀၇ ခုနှစ်မှစ၍ ဂျပန်သည် ကွပ်မျက်ခံရသူများ၏ အမည်များနှင့် ၎င်းတို့၏ ပြစ်မှုဆိုင်ရာ အချက်အလက်အချို့ကို ထုတ်ပြန်ပေးခဲ့သော်လည်း အကန့်အသတ်ဖြင့်သာ ထုတ်ပြန်ဆဲဖြစ်သည်။
တရားရေးဝန်ကြီး ဟိရာဂုချိက ထပ်မံထုတ်ပြန်သည့် အချက်အလက်များသည် သေဒဏ်ကျအကျဉ်းသားများ၏ စိတ်ဓာတ်ရေးရာကို ထိခိုက်နိုင်သဖြင့် ယင်းကျင့်သုံးမှုကို ပြောင်းလဲရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိပ်ခတ်ကွပ်မျက်ခြင်း၊ လျှပ်စစ်ကုလားထိုင်ဖြင့် ကွပ်မျက်ခြင်းနှင့် သေနတ်ဖြင့် ပစ်သတ်ခြင်းကဲ့သို့သော အခြားကွပ်မျက်သည့် နည်းလမ်းများထက် ကြိုးပေးကွပ်မျက်ခြင်းသည် ပိုမိုရက်စက်သည်ဟု မယူဆနိုင်ကြောင်း ယခင်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်များကို ကိုးကား၍ ကြိုးပေးကွပ်မျက်ခြင်းသည် ခိုင်လုံသော နည်းလမ်းတစ်ခုဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
ဂျပန်ပြည်သူ အများစုသည် သေဒဏ်ကို ရှောင်လွှဲ၍မရသော နည်းလမ်းတစ်ခုအဖြစ် ထောက်ခံနေကြကြောင်း စစ်တမ်းများကို ဟိရာဂုချိက ကိုးကားပြောဆိုခဲ့သည်။ သေဒဏ်ကို ဆက်လက်ထားရှိမည်လား သို့မဟုတ် ဖျက်သိမ်းမည်လားဆိုသည်မှာ ဂျပန်၏ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်၏ ပင်မကျောရိုးကို ထိခိုက်စေသည့် အရေးကြီးသော ပြဿနာတစ်ခုဖြစ်ပြီး သေချာကျနစွာ စဉ်းစားသုံးသပ်ရန်နှင့် ပြည်သူ့ အသိပညာပေး ဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
သောကြာနေ့က ကြိုးပေးကွပ်မျက်မှုသည် တာကာအိချိ အစိုးရလက်ထက်၏ ပထမဆုံး ကွပ်မျက်မှုဖြစ်ပြီး လွှတ်တော်ခေါ်ယူခြင်းမရှိသည့် ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ပြည်သူ့ဆွေးနွေးပွဲများကို ရှောင်ရှားရန် နည်းဗျူဟာတစ်ရပ်ဖြစ်သည်ဟု ဝေဖန်ခံခဲ့ရသည်။ သို့သော် ယင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဟိရာဂုချိက ငြင်းဆိုခဲ့သည်။
ဂျပန်နိုင်ငံသည် ၂၀၁၇ ခုနှစ်က တိုကျိုမြို့အနီးရှိ သူ၏ တိုက်ခန်းအတွင်း လူ ၉ ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခုတ်ထစ်ခဲ့မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် “Twitter သတ်ဖြတ်သူ” ဟု လူသိများသော အမျိုးသားတစ်ဦးကို ၂၀၂၅ ခုနှစ်တွင် ကွပ်မျက်ခဲ့သည်။
ဂျပန်၏ ပြစ်မှုကျူးလွန်မှုနှုန်းမှာ အတော်အတန် နည်းပါးသော်လည်း လတ်တလောနှစ်များအတွင်း ထိခိုက်မှုကြီးမားသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအချို့ ဖြစ်ပွားခဲ့သည်။
Ref : Khaosod
