၂၂.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျာမေဆန် ဂရီယာက ကနေဒါသည် အမေရိကန်အပေါ် ၎င်း၏ လက်စားချေမှုကို ဆက်လက်လုပ်ဆောင်နေသည်ဟု သမ္မတထရမ့်ပ်၏ အခွန်ကောက်ခံမှု နှုန်းထားအသစ်များ အသက်ဝင်ရန် မိနစ်အနည်းငယ်အလို သြဂုတ်လ ၂၁ ရက်က ပြောကြားခဲ့သည်။ ကနေဒါဘက်ကလည်း အမေရိကန်အစိုးရ အဆိုပြုထားသော စည်းကမ်းချက်များသည် မျှတမှုမရှိဟု ပြောကြားခဲ့သည်။
အမေရိကန်က ကနေဒါသည် ဝါရှင်တန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရန်အတွက်လည်း ငြင်းဆိုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သံမဏိနှင့် အလူမီနီယမ်ကဲ့သို့သောကဏ္ဍများတွင် အခွန်လျှော့ချရန် အမေရိကန်အစိုးရက ကမ်းလှမ်းထားသော်လည်း ယနေ့ညတွင် ကနေဒါသည် ယခုအပတ်အစောပိုင်းတွင် သဘောတူညီထားသော စည်းကမ်းချက်များအောက်တွင် ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရန် ငြင်းဆိုခဲ့သည်ဟု ဂျာမေဆန် ဂရီယာက သတင်းထောက်များအား ပြောခဲ့သည်။
ထို့ကြောင့်လည်း သြဂုတ်လ ၂၂ ရက် အရှေ့ပိုင်းနေ့အလင်းရောင်စံတော်ချိန် EDT နံနက် ၁၂:၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁ နာရီ) တွင် ၅၀% အခွန်ကောက်ခံမှု စတင်အသက်ဝင်မည်ဖြစ်သည်။
ကနေဒါဝန်ကြီးချုပ် မာ့က်ကာနီက အမေရိကန်၏ အခွန်ကောက်ခံမှုများနှင့် ကိုက်ညီစေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ၎င်းက သဘောတူညီချက်တွင် အမေရိကန်စည်းကမ်းချက်များက လုံဝမျှတမှုမရှိဟု ပြောခဲ့သည်။
မာ့က်ကာနီက “အမေရိကန်က အဆိုပြုထားတဲ့ စည်းကမ်းချက်တွေမှာ နောက်ဆုံးမိနစ်ပြောင်းလဲမှုတွေက မျှတမှုမရှိတဲ့အပြင် စီးပွားရေးအရအရှုံးပေါ်စေမှာဖြစ်ပြီး ဘယ်သဘောတူညီချက်ရဲ့ ယုံကြည်စိတ်ချရမှုမျိုးကိုမဆို မေးခွန်းထုတ်စရာဖြစ်စေလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ရေးဆိုင်ရာ တာဝန်ရှိသည့် ကနေဒါ၏ ဝန်ကြီး ဒိုမီနစ် လီဘလန့်က သြဂုတ်လ ၂၁ ရက် နှောင်းပိုင်းတွင် ကုန်သွယ်ရေးသဘောတူညီချက် မပြီးပြတ်သေးဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့်ကနေဒါ အစိုးရများက အမေရိကန်၏ အခွန်ကောက်ခံမှုအသစ်များ အသက်ဝင်ဖို့ အချိန်မရောက်မီ သဘောတူညီမှုရရန် အပြိုင်အဆိုင် ကြိုးစားနေကြခြင်းလည်း ဖြစ်သည်။
၎င်းက “ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ နောက်ဆုံးမိနစ်အထိ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့အလုပ်က မပြီးဆုံးသေးပါဘူး” ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျာမေဆန်နှင့် ဆွေးနွေးပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အမေရိကန်ဟာ “ကနေဒါနဲ့ သဘောတူညီချက်တစ်ခု ရယူနိုင်သင့်ပါတယ်”ဟု ပြောကြားပြီးနောက် ခုဘို လီဘလန့်၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဇူလိုင်လတွင် ထရမ့်ပ်က ကနေဒါထုတ်ကုန်တချို့အပေါ် ကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း အခွန်ကောက်ခံကြောင်း ခြိမ်းခြောက်ခဲ့သော်လည်း ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် တိုးတက်မှုကြောင့် သုံးရက်ကြာ ရပ်ဆိုင်းထားမည်ဟု သြဂုတ်လ ၁၉ ရက်တွင် ကြေညာခဲ့သေးသည်။
Reuters သတင်းဌာနက သဘောတူညီချက်က ကနေဒါလုပ် မော်တော်ယာဉ်များအပေါ် အမေရိကန်၏ အခွန်ကောက်ခံမှုကို ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့် ကနေဒါသံမဏိနှင့် အလူမီနီယမ်အပေါ် အခွန်ကောက်ခံမှု ၂၅ ရာခိုင်နှုန်း အထိ ထက်ဝက်လျှော့ချရန် ကနေဒါက မျှော်လင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
လက်ရှိတွင် အမေရိကန်သည် ကနေဒါပို့ကုန်များ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေပြီး ကနေဒါသည် အမေရိကန်၏ ပြစ်ဒဏ်ပေးသည့် ကုန်သွယ်ရေးလုပ်ဆောင်ချက်များကို ခံရနိုင်ခြေရှိသည်။
Ref- Reuters
