၂၂.၈.၂၀၂၆
Written by Linn Eain
ခေတ်နှင့်လျော်ညီပြီး တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအကြား ထိန်းညှိပေးနိုင်သည့် အမျိုးသားမြေဥပဒေ ရေးဆွဲအတည်ပြုရန် အခြေအနေများနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဦးညိုစောက နေပြည်တော်တွင် ဩဂုတ် ၂၁ ရက်က ကျင်းပခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးညိုစောက မြေသယံဇာတကို စနစ်တကျ၊ မျှတစွာနှင့် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချရန်အခြေအနေများ၊ ထိရောက်သောမြေစီမံခန့်ခွဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပြီး ခေတ်နှင့်လျော်ညီကာ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအကြား ထိန်းညှိပေးနိုင်သည့် အမျိုးသားမြေဥပဒေတစ်ရပ်ရေးဆွဲအတည်ပြုရန် အခြေအနေများ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သော အမျိုးသားမြေအသုံးချမှုမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် ကဏ္ဍအလိုက်မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ၏ ကွဲလွဲမှုများကိုထိန်းညှိရန်အတွက် အမျိုးသားမြေဥပဒေအား Umbrella Law အဖြစ် ပြဋ္ဌာန်းရန် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်မြေအသုံးချမှုကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ မြေအသုံးချမှုဆိုင်ရာ သတင်းအချက်အလက်များ၊ မြေပုံများ၊ မှတ်တမ်းများစုစည်းခြင်း၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းနှင့် မြေအသုံးချမှုဇုန်များရေးဆွဲဆောင်ရွက်ရာတွင် အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရန်ကိစ္စရပ်များ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဈေးကွက်ချိတ်ဆက်ရေးတို့ ပေါင်းစပ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍လည်း ဒုတိယသမ္မတ ဦးညိုစောက အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းတာဝန်များ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေတိုရေရှည်မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်နိုင်ရန်၊ အမျိုးသားမြေဥပဒေရေးဆွဲထုတ်ပြန်နိုင်ရန်နှင့် ကောင်းမွန်သည့် မြေသယံဇာတအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရန်တို့အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကိုရှေးရှု၍ အကြံပြုဆွေးနွေးပေးကြရန် ဒုတိယသမ္မတက အစည်းအဝေးတက်ရောက်လာသူများကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ကောင်စီ၏လုပ်ငန်းတာဝန်များနှင့် အမျိုးသားမြေအသုံးချမှုဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသားမြေအသုံးချမှုဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

