၂၂.၈.၂၀၂၆
Written by Linn Eain
ကားသော့အတုများအသုံးပြုပြီး မြို့နယ်အချို့မှ မော်တော်ယာဉ် ၆ စီး ခိုးယူခဲ့သည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို လှိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များကို ခိုးယူခဲ့သူမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် အင်းတကော်ကျေးရွာနေ စိုးသန်း (ခ) ကိုကိုလေး (၅၃) နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။
လှိုင်မြို့နယ် အမှတ်(၃) ရပ်ကွက်နေ ဦးစိုးခိုင်ဦးသည် ဩဂုတ် ၁၁ ရက် ညပိုင်းတွင် ၎င်းပိုင်ဆိုင်သည့် YGN-44 7G-3513 TOYOTA TOYOACE LYZ 30 LIGHT TRUCK မော်တော်ယာဉ်အား အမှတ်(၃) ရပ်ကွက် အေးရိပ်မွန် (၂)လမ်းနှင့် ရတနာမွန်(၅) လမ်းထောင့်တွင် ညအိပ်ရပ်ထားခဲ့ပြီး ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်အား တွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် မော်တော်ယာဉ်ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းချက်အရ ပိတောက်ချောင်းနယ်မြေ ရဲစခန်းတွင် (ပ)၁၁၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား) ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်ခိုးယူသူ ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ် မှတ်တမ်းများကို စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ခိုးမှုကျူးလွန်သူ စိုးသန်း (ခ) ကိုကိုလေးအား ဩဂုတ် ၁၈ ရက် ညပိုင်းတွင် လှိုင်မြို့နယ် (၂) ရပ်ကွက် ဘုရင့်နောင်လမ်းသွယ်(၂)လမ်းရှိ Royal Toe Hotel အခန်းအမှတ် (၂၀၇)၌ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
မော်တော်ယာဉ် ခိုးယူသူ စိုးသန်း(ခ)ကိုကိုလေးအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ဩဂုတ် ၉၊ ၁၀၊ ၁၃၊ ၁၄ ရက်တို့တွင် အခြားမော်တော် ယာဉ်ငါးစီးတို့အား ကားသော့ အတုများအသုံးပြု၍ မြို့နယ်အချို့တွင် အသီးသီးခိုးယူခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး သက်သေခံ မော်တော်ယာဉ်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူ၏ ထွက်ဆိုချက်အရ ဩဂုတ် ၉ ရက်မှစတင်၍ မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် ကျန်စစ်သားလမ်းရှိ NICE DAY Hotel ၌ ရောက်ရှိတည်းခိုနေထိုင်ခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ် အချို့မှ ရပ်တန့်ထားသည့် မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း၊ ယင်းနောက် ကားသော့အတုများ အသုံးပြု၍ မော်တော်ယာဉ်များအား ခိုးယူခဲ့ပြီး ၎င်းခိုးယူခဲ့သည့် မော်တော်ယာဉ်မှ ဆီများ ထုတ်ယူရောင်းချခြင်း၊ ကာဘက်ထရီအိုးနှင့် ကားဘီးများ ဖြုတ်၍ ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ် ၆ စီးအား ခိုးယူခဲ့သူ တရားခံ စိုးသန်း(ခ) ကိုကိုလေးအား သက်သေခံ မော်တော်ယာဉ်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
