နေမိုး
၂၂. ၈. ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်းကို အခြေပြုကာ လက်နက်ထုတ်လုပ်နေသော မြောင် PDF များအား တပ်မတော်က ဗုံးကြဲချေမှုန်းမှုအတွင်း သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ဆွဲလဲအိုရွာမှာ PDF များ၏ အမည်စာရင်း ပေါက်ကြားလာခဲ့သလို ထို PDF များမှာ ဆွဲလဲအိုကျောင်းထိုင်ဆရာတော်အား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းအတွင်း PDF စခန်းချနေသလို လက်နက်ထုတ်လုပ်ရေးပါ လုပ်ဆောင်နေကြောင်း ပြည်သူများ သတင်းပေးပို့မှုအရ ယမန်နေ့ ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ PDF များနှင့် မိသားစုဝင်များ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ဆယ်ဦးခန့်သာ သေဆုံးသော်လည်း လက်ရှိအချိန်တွင် ၁၄ ဦးအထိ မြင့်တက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ဆွဲလဲအိုကျေးရွာကို နယ်မြေရှင်းလင်းစဥ် မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၁၃ လုံးထက်မနည်း ပျက်စီးဆုံးရှုံးမှုနှင့် PDF များ ဖမ်းဆီးခြင်းခံရမှုများကြောင့် ဆွဲလဲအိုကျောင်းထိုင်ဆရာတော်အား ဒလန်ဟု စွပ်စွဲကာ မီးရှို့သတ်ပြီးနောက် ဆွဲလဲအို PDF အခြေစိုက်စခန်းအဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
မြောင်နယ်သည် PDF များ ကြီးစိုးနေပြီး အစိုးရအာဏာသက်ရောက်မှုနည်းပါးနေသဖြင့် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်ကလည်း မြောင်မြို့နယ်၊ လှေတင်ဦးရွာကို လေကြောင်းတိုက်ခိုက်ရာ ဆိုင်ရှင်နှင့် NUG ကျောင်းတွင် လုပ်အားပေးဆရာမလုပ်နေသော မြောင် PDF အဖွဲ့ CDSOM နှင့် မြောင်အမျိုးသမီး PDF အဖွဲ့၏ မိုင်းထုတ်လုပ်ရေးတာဝန်ခံ သဲနုဝင်း သေဆုံးခဲ့သည်ဟု သိရသည်။
