သက်တံ့
၂၂. ၈. ၂၀၂၆
ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ ကျောင်းတစ်ကျောင်းတွင် သောကြာနေ့က ဓားရှည်ဖြင့် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ကျောင်းအတွင်းဝင်ရောက်၍ လုံခြုံရေးယူစဉ် သေဆုံးသူကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျန်ဒဏ်ရာရရှိသူ သုံးဦးမှာမူ ကျောင်းအဆောက်အအုံအတွင်းမှ ဆေးကုသရန် ထွက်ခွာသွားခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်အဖွဲ့ (Region Vastmanland) ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူ သုံးဦးတွင် အသက် ၁၈ နှစ်အောက် ယောက်ျားလေးနှစ်ဦး ပါဝင်ပြီး ၎င်းတို့မှာ ဒဏ်ရာပြင်းထန်သော်လည်း အခြေအနေ တည်ငြိမ်လျက်ရှိကာ ကျန်တစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ ဖဂါစတာ (Fagersta) မြို့နယ်ရှိ Brinellskolan အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၆ မိနစ်တွင် “ဆက်လက်ဖြစ်ပွားနေသော အသက်အန္တရာယ်ရှိ စုပေါင်းအကြမ်းဖက်မှု” အဖြစ် သတ်မှတ်ထားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းပေးပို့ချက် ရရှိခဲ့သည်။
သတင်းရရှိပြီး ၁၀ မိနစ်ခန့်အကြာတွင် ရဲတပ်ဖွဲ့က တိုက်ခိုက်သူကို သေနတ်ဖြင့် ပစ်ခတ်တားဆီးကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သံသယရှိသူမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ တိုက်ခိုက်မှုတွင် ပါဝင်သူ တစ်ဦးထက်ပိုကြောင်း ပြသသည့် အရိပ်အယောင် မတွေ့ရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆွီဒင်ရုပ်မြင်သံကြား (SVT) ၏ ဖော်ပြချက်အရ အသက် ၁၈ နှစ်အရွယ် သံသယရှိသူမှာ Brinellskolan ကျောင်းမှ ကျောင်းသားဟောင်းတစ်ဦး ဖြစ်သည်။ ၎င်းသည် ယခင်က ကျောင်းသားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ဖူးသူဖြစ်ပြီး ဆွီဒင်နိုင်ငံ လူငယ်စောင့်ရှောက်ရေး ဥပဒေအရ မဖြစ်မနေ အကူအညီယူရမည့် စောင့်ရှောက်မှုအစီအစဉ်ကို ရရှိခဲ့ဖူးသူဖြစ်သည်။
ဆွီဒင်သတင်းစာ Dagens Nyheter က တိုက်ခိုက်မှုမဖြစ်ပွားမီ ခဏအလိုတွင် ကျောင်းရှိ သန့်စင်ခန်းအတွင်း ဓားရှည်တစ်ချောင်း ရောက်ရှိနေသည့် ဓာတ်ပုံကို TikTok လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အဆိုပါ အကောင့်မှာ သံသယရှိသူ၏ အကောင့် ဟုတ်မဟုတ် သို့မဟုတ် အဆိုပါ ပို့စ်သည် တိုက်ခိုက်မှုနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိမရှိကို အာဏာပိုင်များက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်။
ဆွီဒင်ဝန်ကြီးချုပ် အူးလ်ဖ် ခရစ်စတာဆန် (Ulf Kristersson) က အဆိုပါဖြစ်စဉ်မှာ ကြီးလေးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို အာဏာပိုင်များ မသိရသေးကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းသည် အဆိုပါဖြစ်စဉ်ကို အာရုံစိုက် ဆောင်ရွက်ရန်အတွက် မိန့်ခွန်းပြောကြားရန် စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်။
Ref: Xinhua
