သက်တံ့
၂၀. ၈. ၂၀၂၆
ကာကွယ်ရေးစရိတ်များ၊ လူမှုဖူလုံရေးနှင့် ဆေးဝါးစောင့်ရှောက်ရေး (Medicare) ကဲ့သို့သော လူမှုရေးအစီအစဉ်များနှင့် တိုးပွားလာသော ဘတ်ဂျက်လိုငွေပြမှုအပေါ် ပေးဆပ်ရသည့် အတိုးနှုန်းများမှာ ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်များအနက် အများဆုံးအချိုးအစား ဖြစ်လာခဲ့ရာ အမေရိကန်၏ နိုင်ငံတော်ကြွေးမြီမှာ ဗုဒ္ဓဟူးနေ့တွင် စံချိန်တင်အဖြစ် အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံကျော်အထိ ရောက်ရှိသွားခဲ့သည်။
ယခု စံချိန်တင် မြင့်တက်လာသည့် ကိန်းဂဏန်းသည် ပြီးခဲ့သည့် မတ်လက ဒေါ်လာ ၃၉ ထရီလီယံ စံချိန်တင်ခဲ့ပြီးနောက် ၅ လအကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းမတိုင်မီ ၅ လကလည်း (ပြီးခဲ့သည့် အောက်တိုဘာလ) ဒေါ်လာ ၃၈ ထရီလီယံသို့ ရောက်ရှိခဲ့ဖူးသည်။ စံချိန်တင်ကြွေးမြီ ဒေါ်လာ ၄၀ ထရီလီယံအထိ ရောက်ရှိလာခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၆ လနီးပါး ကြာမြင့်နေပြီဖြစ်သော အီရန်စစ်ပွဲအတွက် ကာကွယ်ရေးစရိတ်များ တိုးမြှင့်သုံးစွဲနေရခြင်းနှင့် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများကို လျှော့ချရန် ကြိုးပမ်းနေရခြင်း စသည့် အစိုးရ၏ ဦးစားပေး ဆောင်ရွက်ချက်များအကြား စိန်ခေါ်မှုများကို ပေါ်လွင်စေသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ခူးရှ် ဒေဆိုင်း (Kush Desai) က ထရန့်အစိုးရအဖွဲ့အနေဖြင့် “အမေရိကန်၏ ကြွေးမြီနှင့် စီးပွားရေးထုတ်ကုန် အချိုး (debt-to-GDP ratio) ကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရန် စီးပွားရေး တိုးတက်မှုကို အရှိန်မြှင့်တင်ရင်း ဖက်ဒရယ် အသုံးစရိတ်များတွင် လေလွင့်ပြုန်းတီးမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားမှုများကို လျှော့ချရန် အာရုံစိုက် ဆောင်ရွက်လျက်ရှိသည်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ကြွေးမြီများ တဟုန်ထိုး မြင့်တက်လာခြင်းနှင့် နောက်ဆုံး စံချိန်တင် ကိန်းဂဏန်းများသည် အိမ်ခြံမြေနှင့် မော်တော်ယာဉ် ချေးငွေအတိုးနှုန်းများကို မြင့်တက်စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု နည်းပါးသွားသော စီးပွားရေးလုပ်ငန်းများမှ လုပ်ခလစာများကို လျှော့ချစေခြင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှု စရိတ်များကို ပိုမိုကြီးမြင့်လာစေခြင်းတို့ဖြင့် အမေရိကန်ပြည်သူများ၏ အိတ်ကပ်ကို ရိုက်ခတ်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ယခုခေတ်နဲ့ နောက်မျိုးဆက်တွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ချင်တယ်ဆိုရင် ဥပဒေပြုအမတ်တွေအနေနဲ့ နာတာရှည် ကြွေးမြီပြဿနာကို ပိုမိုသက်သာပြီး ရေရှည်တည်တံ့တဲ့ လမ်းကြောင်းပေါ် တင်ပေးရမယ့် အချိန်အခါပဲ ဖြစ်ပါတယ်” ဟု အမေရိကန်၏ ဘဏ္ဍာရေး စိန်ခေါ်မှုများကို အဓိကထား လေ့လာသည့် Peter G. Peterson ဖောင်ဒေးရှင်း၏ စီအီးအို မိုက်ကယ် အေ ပီတာဆန် (Michael A. Peterson) က ပြောကြားခဲ့သည်။
နိုင်ငံ၏ ခေါင်းဆောင်များသည် အခွန်ကောက်ခံရရှိသည်ထက် ပိုမိုသုံးစွဲခဲ့ကြသဖြင့် သမ္မတအဆက်ဆက် လက်ထက်တွင် ကြွေးမြီမှာ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက နှစ်ရှည်လများ ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန် စီးပွားရေး အများစု ရပ်ဆိုင်းသွားခဲ့ရစဉ် သမ္မတထရမ့်ပ်၏ ပထမသက်တမ်းနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တို့တွင် စီးပွားရေး တည်ငြိမ်စေရန်နှင့် ပြန်လည်ဦးမော့လာစေရန်အတွက် ဖက်ဒရယ်အစိုးရက ငွေကြေးအများအပြား ချေးယူခဲ့ရသည်။
လွန်ခဲ့သည့်နှစ်တွင် သမ္မတထရမ့်ပ်သည် ရီပတ်ဘလစ်ကန်တို့၏ အခွန်လျှော့ချရေးနှင့် အသုံးစရိတ် ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီးနောက် အစိုးရအသုံးစရိတ် ပိုမိုမြင့်တက်လာခဲ့သည်။
ဘတ်ဂျက်မျှတရေး လှုပ်ရှားသူများကလည်း ရေရှည်တွင် ချေးငွေပိုမိုယူရခြင်းနှင့် အတိုးပိုမိုပေးဆပ်ရခြင်းတို့ကြောင့် အမေရိကန် ပြည်သူများသည် အနာဂတ်တွင် ခက်ခဲသော ဘဏ္ဍာရေးဆိုင်ရာ အပေးအယူများကို ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးထားသည်။
“ဖက်ဒရယ် ကြွေးမြီဟာ ကုန်ဈေးနှုန်းတွေကို မြင့်တက်စေပြီး အခြားအသုံးစရိတ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်နေကာ ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ ရေရှည်ကြွယ်ဝချမ်းသာမှုကို ခြိမ်းခြောက်နေပါတယ်” ဟု Bipartisan Policy Center ၏ ဥက္ကဋ္ဌနှင့် စီအီးအို မာဂရက် စပယ်လင်းဆ် (Margaret Spellings) က ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ လက်ရှိ ဘဏ္ဍာရေး လမ်းကြောင်းဟာ သိသိသာသာကို ရေရှည်မတည်တံ့နိုင်တော့ဘဲ ဒါဟာ အကောင်းဆုံး အခြေအနေမှာတောင်မှ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ AI ရဲ့ ရိုက်ခတ်မှုတွေ၊ စီးပွားရေး ကျဆင်းမှု၊ ကမ္ဘာ့စစ်ပွဲ ဒါမှမဟုတ် အခြားသော ဖြစ်ရပ်တွေကြောင့် စိန်ခေါ်မှုတစ်ခုကနေ အပြည့်အဝ ကြီးမားတဲ့ အကျပ်အတည်းတစ်ခုဆီအထိ မြန်မြန်ဆန်ဆန် တွန်းပို့သွားနိုင်ပါတယ်” ဟု စပယ်လင်းဆ် က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင် ဖက်ဒရယ် အစိုးရ ချေးငွေအပေါ် ဥပဒေအရ သတ်မှတ်ထားသော ကြွေးမြီကန့်သတ်ချက် (Debt Limit) ရှိပြီး ယင်းကို ကွန်ဂရက်လွှတ်တော်က သတ်မှတ်ရန်၊ ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် လုပ်ပိုင်ခွင့်ရှိသည်။ အမေရိကန်နိုင်ငံသည် ၂၀၂၇ ခုနှစ် ဆောင်းရာသီကုန်နှင့် နွေရာသီလယ်ကြား တစ်ချိန်ချိန်တွင် ကြွေးမြီကန့်သတ်ချက် ဒေါ်လာ ၄၁ ဒသမ ၁ ထရီလီယံသို့ ရောက်ရှိနိုင်ခြေရှိပြီး ကွန်ဂရက်လွှတ်တော်အနေဖြင့် ယင်းကို တိုးမြှင့်ရန် သို့မဟုတ် ဆိုင်းငံ့ထားရန် ထပ်မံမဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်း Bipartisan Policy Center က ခန့်မှန်းထားသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) ၏ မကြာသေးမီက ဒေတာဆန်းစစ်ချက်အရ အမေရိကန်၏ ဘဏ္ဍာရေး အခြေအနေသည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများအကြား အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်။
Ref: AP
