နေမိုး
၂၀. ၈. ၂၀၂၆
နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ပဲခူး PDF များက ဒလန်ဟု သမုတ်ကာ သေနတ်ဖြင့် ဦးခေါင်းကိုတေ့၍ ပစ်သတ်သွားသဖြင့် ဦးခေါင်းပွင့် သေဆုံးမှု လက်ပံတန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြိုနယ်၊ မှော်အင်းကျေးရွာနေ ဦးထွန်းထွန်း (၅၃) နှစ်သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ၎င်း၏နေအိမ်တွင် ရှိနေစဉ် ပဲခူး PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က သေနတ်များကိုင်ဆောင် ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့၍ ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးထွန်းထွန်းမှာ ဦးခေါင်းပွင့်ကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် လက်နက်မဲ့ပြည်သူများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
