၂၀.၈.၂၀၂၆
Written by Linn Eain
ရေကြီးမှုဖြစ်ပွားနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ငါးသိုင်းချောင်းမြို့နယ်တွင် ရေဘေးရှောင်ပြည်သူ များ ရေဘေးစခန်းများအပြင် တာဘောင်များပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်နေရကြောင်း ဒေသခံများ၏ ဩဂုတ် ၂၀ ရက် ပြောကြားချက်များအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ငဝန်မြစ်ရေကာတာထိခိုက်မှုအခြေအနေကြောင့် အဆိုပါမြို့နယ်အပါအဝင် ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတ၊ ကျောင်းကုန်းစသည့်မြို့နယ်များတွင် ရေဝင်နစ်မြုပ်မှုများဖြစ်ပွားနေကြောင်း သိရသည်။






ငါးသိုင်းချောင်းမြို့နယ် ရေကာတာပေါ်တွင် နေထိုင်သူတစ်ဦးက “ကျွန်မတို့ ဒီရေကာတာပေါ်မှာ တဲလေးတွေထိုးပြီး နေရတာ တစ်ပတ်ကျော်ပါပြီ။ တချို့ဆိုရင် ၁၀ ရက်လောက်ရှိပြီ။ ရေဘေးရှောင်စခန်းတွေရှိပေမဲ့ အဲဒီနေရာတွေမှာလည်း လူတွေကပြည့်နေပြီ။ ဝါးလုံးလေးတွေနဲ့ တာလပတ်သုံးပြီး ဆောက်ထားတာဆိုတော့ ယာယီပေါ့။ နေခင်းပူတာတို့ မိုးရွာပြီး လေကြီးရင်တော့ မခံနိုင်ဘူး။ အဓိက အခက်အခဲက သောက်ရေသန့်နဲ့ အိမ်သာပြဿနာပါ။ ရက်ကနေ လချီကြာတဲ့အထိ ရေမကျသေးဘူးဆိုရင် ဒုက္ခပိုများလာဖို့ပဲရှိမယ်” ဟု ပြောသည်။
ငါးသိုင်းချောင်းမြို့နယ် မြစ်ရေကာတာဘောင်ပေါ်တွင် ရေဘေးရှောင်ယာယီတဲများထိုး၍ နေထိုင်သူ အိမ်ထောင်စု ၄၀၀ ခန့်ရှိမည်ဖြစ်ပြီး ငါးသိုင်းချောင်းမြို့အဝင် ကားလမ်းဘေးနေရာတွင်လည်း ရေဘေးရှောင် ယာယီတဲထိုးနေထိုင်သူ ၂၀၀ ခန့်အနည်းဆုံးရှိမည်ဖြစ်ကြောင်း အဆိုပါဒေသတွင် ရေဘေးကူညီထောာက်ပံ့ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့နယ် ရှေ့ဆောင်ရပ်ကွက်ရှိ အထကကျောင်းကြီး ရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၆၀ ခန့်၊ လူဦးရေ ၅၀၀ ခန့် ရောက်ရှိနေထိုင်နေပြီး၊ မြို့မရပ်ကွက်ရှိ အလယ်တန်းကျောင်းရေဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၀ ခန့်နှင့် လူဦးရေ ၁၃၀ ခန့် ရောက်ရှိနေကာ အခြားရေဘေးရှောင်စခန်းဖွင့်ထားသည့် နေရာများလည်း ရှိကြောင်း သိရသည်။
” ကျွန်တော်တို့အဓိကလိုနေတာ ရေသန့်နဲ့ သုံးရေပါ။ အစားအသောက်လည်း အခုရက်ပိုင်းတော့ လာလှူကြတာရှိပါတယ်။ အရင်ရက်တွေက ထမင်းငတ်တာရှိခဲ့တယ်။ ကြာလာရင် အရေးပြားယားနာဖြစ်မှာ စိုးရိမ်ရတယ်။ အခုတောင် တချို့ အရေပြားယားယံတာတွေဖြစ်နေပြီ။ အဓိက ကတော့ ကျောင်းဝန်းထဲ ရေတွေတိုးလာတော့ သွားရေလာရေးခက်ခဲတယ်။ အများသုံး အိမ်သာလည်း မလောက်ငှတာလည်းပါတယ်” ဟု အထကကျောင်းကြီး ရေဘေးရှောင်စခန်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ငါးသိုင်းချောင်းမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအပြင် တိုက်ပွဲရှောင်ပြည်သူများလည်းရှိသဖြင့် အကူအညီနှင့် ထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။
