သက်တံ့
၂၀. ၈. ၂၀၂၆
တရုတ်သရုပ်ဆောင် ဝမ်ရှင်းအား မြန်မာနိုင်ငံ မြဝတီဒေသသို့ ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးဂိုဏ်းဝင် ၁၇ ဦးအား လူပြန်ပေးဆွဲခြင်းနှင့် လူကုန်ကူးခြင်း၊ တရားမဝင် ချုပ်နှောင်ခြင်း၊ လုယက်ခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခြင်း အပါအဝင် စွပ်စွဲချက်များဖြင့် တရားစွဲဆိုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က CCTV News သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ စွဲချက်များကို တရုတ်နိုင်ငံ၏ ဥပဒေများနှင့်အညီ စိစစ်ပြီးနောက် ရှန်ဟိုင်းမြို့တော် ပြည်သူ့အစိုးရ ရှေ့နေရုံးခွဲ (၂) က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး သံသယရှိသူများကို ရှန်ဟိုင်းမြို့ အမှတ် (၂) အလယ်အလတ် ပြည်သူ့တရားရုံး၌ အမှုရင်ဆိုင်စေမည် ဖြစ်သည်။
အစိုးရရှေ့နေရုံး၏ ပြောကြားချက်အရ အဆိုပါ ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ၊ မြဝတီဒေသတွင် အခြေစိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိုဏ်းသည် နိုင်ငံခြားတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရမည်ဟု မက်လုံးပေး၍ ဝမ်ရှင်း အပါအဝင် တရုတ်နိုင်ငံသားများကို ပြည်ပသို့ လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးခဲ့ကြသည်။ လူကုန်ကူးခံရသူများကို လက်နက်ကိုင်များက မြဝတီသို့ အတင်းအကျပ် ခေါ်ဆောင်သွားပြီးနောက် လုယက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် တရားမဝင် ချုပ်နှောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အချို့သော အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် အဓမ္မ ပြည့်တန်ဆာပြုခိုင်းခြင်းများ ကြုံတွေ့ခဲ့ရပြီး အချို့ကိုမူ မြန်မာနိုင်ငံရှိ လိမ်လည်မှုစခန်းများသို့ ရောင်းစားကာ အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေခဲ့ကြသည်။
မြန်မာနိုင်ငံ၊ မြဝတီဒေသရှိ အွန်လိုင်းငွေလိမ်လည်မှု စခန်းတစ်ခုသို့ လူကုန်ကူးခံခဲ့ရသည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပါဝင်သော အဆိုပါအမှုသည် ယခင်က တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် လူထု၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ခံခဲ့ရသည်။
CCTV News မှ ပြုစုထားသော အချိန်မှတ်တမ်းအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ဝမ်ရှင်းသည် ဘန်ကောက်မြို့ရှိ ရုပ်ရှင်စီမံကိန်းတစ်ခုအတွက် သရုပ်ဆောင်များ ရှာဖွေနေသည့် WeChat ဂရုတစ်ခု၌ သရုပ်ဆောင်ရွေးချယ်ပွဲ ကြေညာချက်ကို တွေ့ရှိခဲ့သည်။ သရုပ်ဆောင်ဒါရိုက်တာ၏ အကူဟု အကြောင်းပြထားသူတစ်ဦးထံ WeChat မှတစ်ဆင့် ဆက်သွယ်ကာ ရိုက်ကူးရေးအခွင့်အလမ်းအတွက် ဆွေးနွေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ဘန်ကောက်လေဆိပ်သို့ ရောက်ရှိပြီးနောက် အဆိုပါ ဒါရိုက်တာအကူဟု အမည်ခံထားသူ စီစဉ်ပေးသည့် ယာဉ်တစ်စီးဖြင့် ဝမ်ရှင်းအား လာရောက်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဝမ်ရှင်းသည် ထိုင်း-မြန်မာနယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီရှိ စခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်ခံခဲ့ရပြီး အွန်လိုင်းငွေလိမ်လည်မှု စခန်းအများအပြားသို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ထို့နောက် ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင် သရုပ်ဆောင် ဝမ်ရှင်းသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပျောက်ဆုံးသွားကြောင်း လူမှုကွန်ရက်ပေါ်၌ ဖော်ပြချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် အကျယ်တဝင့် အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ ဇန်နဝါရီ ၆ ရက်တွင် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ၎င်းတို့အနေဖြင့် ထိုင်းအာဏာပိုင်များ၊ ဝမ်ရှင်း၏ မိသားစုများနှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်သည့် အကူအညီများ ပေးအပ်ကာ ၎င်းအား ရှာဖွေတွေ့ရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၇ ရက်တွင် ကောင်စစ်ဝန်ချုပ်ရုံးက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် (Tak) လူဝင်မှုကြီးကြပ်ရေးရုံးထံမှ ဝမ်ရှင်းအား တွေ့ရှိပြီဖြစ်ကြောင်းနှင့် စစ်ဆေးမေးမြန်းခြင်း အပါအဝင် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်ဟု ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် မြန်မာနိုင်ငံရှိ နယ်ခြားစောင့်တပ် (BGF) ဒုတိယတပ်မှူးထံမှ ဝမ်ရှင်းအား တွေ့ရှိပြီဖြစ်ကြောင်း အတည်ပြုသတင်းကို ထိုင်းရဲတပ်ဖွဲ့က လက်ခံရရှိခဲ့သည်။
ယင်းနောက် ဇန်နဝါရီ ၈ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဝမ်ရှင်းသည် သရုပ်ဆောင်ခွင့် ရရှိမည်ဟု လှည့်ဖြားခံရကာ ပြည်ပသို့ ခရီးထွက်ခွာခဲ့ရပြီး ထိုင်းနိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံသို့ ခေါ်ဆောင်ခံခဲ့ရကာ ရောက်ရှိမှသာ လှည့်ဖြားခံရမှန်း သိရှိခဲ့ရကြောင်း အတည်ပြုခဲ့သည်။ ၎င်းတွင် ခန္ဓာကိုယ် ဒဏ်ရာရရှိထားခြင်း မရှိကြောင်း အာဏာပိုင်များက ရှင်းလင်းပြောကြားခဲ့ပြီး ၎င်း၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်ဆိုသော အွန်လိုင်းပေါ်မှ သတင်းကောလာဟလများကို ပယ်ချခဲ့သည်။
ထိုင်းဘုရင့်ရဲတပ်ဖွဲ့၏ ရဲချုပ်ကမူ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဝမ်ရှင်းသည် လူကုန်ကူးခံရသူ သားကောင်တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထိုင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ဝမ်ရှင်းသည် သုံးရက်အကြာ ဇန်နဝါရီ ၁၁ ရက်တွင် ရှန်ဟိုင်း ပူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ကာ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဇန်နဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးနေပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ အမှုများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကြေညာခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်တွင် ဝန်ကြီးဌာနက ဝမ်ရှင်း အမှု၏ အဓိကသံသယရှိသူဖြစ်ပြီး ဝမ်ရှင်းနှင့် ဆက်သွယ်ခဲ့သည့် “ဒါရိုက်တာအကူ” ဆိုသူအား ဖမ်းဆီးရမိခဲ့ကာ ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဝမ်ရှင်းနှင့် အခြားတရုတ်နိုင်ငံသားများ ပြည်ပသို့ လှည့်ဖြားခေါ်ဆောင်ခံရခြင်း၊ တရားမဝင် ချုပ်နှောင်ခံရခြင်းနှင့် အွန်လိုင်းငွေလိမ်လည်မှု စခန်းများတွင် ပိတ်မိနေခြင်း အမှုများနှင့် ဆက်နွှယ်နေသည့် အဓိကသံသယရှိသူ ၁၀ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ အောင်မြင်စွာ ပြန်လည်လွှဲပြောင်း ခေါ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
Global Times
