သက်တံ့
၂၀. ၈. ၂၀၂၆
အရှိန်မထိန်းနိုင်တဲ့ သာသနာ့ယာဥ်တစ်စီးက လမ်းလယ်ကျွန်းနဲ့ အလှစိုက်ထန်းပင် ဝင်တိုက်လို့ ရဟန်းတစ်ပါးအပါအဝင် ငါးဦးဒဏ်ရာရမှု အမြန်လမ်းမှာ မနေ့က ဖြစ်ပွားသွားခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က မနေ့က မနက် ၆ နာရီခွဲခန့်မှာ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁/၇ အနီး(မန္တလေးဘက်မှ ရန်ကုန်ဘက်သို့) အပြန်လမ်းမှာ ယာဉ်မောင်း အမျိုးသား (၁)ဦး၊ ရဟန်း (၁)ပါး၊ သီလရှင် (၁) ပါးနဲ့ အမျိုးသမီး (၄)ဦး စုစုပေါင်း (၇)ဦး လိုက်ပါစီးနင်းလာတဲ့ Mark II အဖြူရောင် RLG နံပါတ် ဆလွန်းယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်ရောက် တိုက်မိခဲ့တဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရဟန်း (၁)ပါး၊ အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၅)ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
အမြန်လမ်းအသုံးပြုတဲ့ ယာဉ်မောင်းတွေအနေနဲ့ မိမိယာဉ် ကြံ့ခိုင်မှုကို လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြဖို့ လိုအပ်ပြီး ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြဖို့၊ မှန်လုံခရီးသည်တင်ယာဥ်ကြီးတွေက တစ်နာရီ မိုင် ၉၀၊ လူစီးယာဥ်ငယ်တွေက တစ်နာရီ မိုင် ၁၀၀၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်တွေက တစ်နာရီ မိုင် ၆၀ နှုန်းသာ အများဆုံးမောင်းနှင်ကြပါလို့လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
