၂၀.၈. ၂၀၂၆
Translated by Htwe Ko Tun
ကင်ညာနိုင်ငံ၏ ဝေးလံခေါင်သီသောဒေသအတွင်းတွင် သြဂုတ်လ ၁၉ ရက်က ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုကြောင့် အမေရိကန်နိုင်ငံသားငါးဦးနှင့် အီကွေဒေါ ထောက်လှမ်းရေးအကြီးအကဲတို့ အပါအဝင် ခရီးသည်ခြောက်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ နိုင်ငံအတွင်း ခရီးသွားလုပ်ငန်း တိုးချဲ့လာသည်နှင့်အမျှ ကင်ညာနိုင်ငံတွင် လေကြောင်းမတော်တဆမှုများ တိုးလာခဲ့သည်။
ကင်ညာအာဏာပိုင်များက ဆာဖာရီရဟတ်ယာဉ် ပျက်ကျမှုကြောင့် လိုက်ပါလာသူ ခရီးသည် ခြောက်ဦးနှင့် လေယာဉ်မှူးတစ်ဦးအပါအဝင် ခုနစ်ဦးစလုံးသည် လူကြိုက်များသော်လည်း ဝေးလံခေါင်သီသော ခရီးသွားနေရာ Mount Olololwe ၏ တောင်ခြေတွင် သြဂုတ်လ ၁၉ ရက်က သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကင်ညာ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က အဖွဲ့၏ Eurocopter EC130 B4 ရဟတ်ယာဉ်သည် လွိုင်ဆာဘာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ထွက်ခွာပြီးနောက် ကင်ညာမြို့တော် နိုင်ရိုဘီ၏ မြောက်ဘက် ဆမ်ဘူရူ ခရိုင်ရှိ အီဝါဆို ညီရိုဒေသသို့ ဦးတည်သော လမ်းတွင် ဒေသစံတော်ချိန် နံနက် ၉:၁၃ နာရီ (0613 GMT) တွင် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့ပြီး ပျက်ကျရခြင်း၏ အကြောင်းရင်းကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လူမှုမီဒီယာတွင် ပါရှိသော ဗီဒီယိုမှတ်တမ်းများအရ ရဟတ်ယာဉ်၏ မီးခိုးများထွက်နေသော အပျက်အစီးများကို တောအုပ်ထူထပ်သောနေရာတွင် မီးခိုးများထွက်ကာ မီးလောင်နေသည်ကို ပြသထားသည်။
ရဟတ်ယာဉ်သည် ချုံပုတ်ထူထပ်သောနေရာများတွင် ပျက်ကျသွားသောကြောင့် ကယ်ဆယ်ရေးသမားများ ဝင်ရောက်ရန် ခက်ခဲခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဌာနက သေဆုံးသူခရီးသည် ခြောက်ဦးတွင် ငါးဦးသည် အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်သံရုံးသည် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်နေပြီး ကောင်စစ်ဝန်ရုံး အကူအညီများ ပေးအပ်လျက်ရှိသည်။ မိသားစုများနှင့် ချစ်ရသူများ၏ ဆုံးရှုံးမှုအတွက် ကျွန်ုပ်တို့၏ အထူးဝမ်းနည်းကြောင်း ပြောကြားအပ်ပါသည်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။
Comcast/NBCUniversal ပိုင်ဆိုင်သော အမေရိကန်အခြေစိုက် စပိန်ဘာသာစကား ရုပ်မြင်သံကြားလိုင်း Telemundo မှ အမှုဆောင်အရာရှိတစ်ဦးသည် သေဆုံးသူများထဲတွင် ပါဝင်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
အီကွေဒေါနိုင်ငံ၏ မဟာဗျူဟာထောက်လှမ်းရေးဌာန၏ ဒါရိုက်တာ မစ်ချယ်လ် ဆန်ဆီ ကွန်တူဂီ (Michele Sensi-Contugi) နှင့်အတူ အမေရိကန်နိုင်ငံသားခံယူထားသော ၎င်း၏ဇနီးလည်း ပါဝင်ကြောင်း သိရသည်။ စီးပွားရေးသမားဟောင်းတစ်ဦးဖြစ်သူ Sensi-Contugi သည် အီကွေဒေါနိုင်ငံ၏ လက်ယာယိမ်းသမ္မတ ဒန်နီယယ် နိုဘိုအာ (Daniel Noboa) ၏ ရင်းနှီးသောမိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အမျိုးသားထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည်။
“ဤဝမ်းနည်းကြေကွဲဖွယ်အချိန်အခါတွင် အစိုးရသည် ၎င်း၏မိသားစု၊ ချစ်ရသူများနှင့် ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်များအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း ပြောကြားအပ်ပါသည်” ဟု အီကွေဒေါနိုင်ငံ၏ သမ္မတရုံးက X တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ကင်ညာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ခရီးသွားကုမ္ပဏီများစွာသည် Mount Olololwe ကဲ့သို့ ဝေးလံခေါင်သီသောနေရာများသို့ ရဟတ်ယာဉ်ခရီးစဉ်များ ပြုလုပ်စီစဉ်နေကြသလို မတော်တဆမှုများ ပိုမိုများပြားလာကြသည်။
ဖေဖော်ဝါရီလကလည်း ရဟတ်ယာဉ်တစ်စင်း တောရိုင်းထဲတွင် ပျက်ကျခဲ့ပြီး လွှတ်တော်အမတ်တစ်ဦး အပါအဝင် ရဟတ်ယာဉ်ပေါ်ပါ ခြောက်ဦးစလုံး သေဆုံးခဲ့သည်။
Ref: AFP
