နေမိုး
၂၀. ၈. ၂၀၂၆
လက်နက်ကိုင်ပြီး မကောင်းမှု အကုန်ကျူးလွန်လာနေတဲ့ NUG လက်အောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး ပသုံးလုံး သုံးဖွဲ့ရှိရာမှာ တစ်ဖွဲ့ရဲ့ ကျူးလွန်မှုတွေကို ခံစားခွင့်မရတဲ့ တစ်ဖွဲ့က ဖော်ထုတ်ကြသလို အခုလည်း မူးယစ်ဆေးဖြန့်ဖြူးမှုတွေ ပိုမိုလုပ်ကိုင်လာနေတဲ့ NUG လက်အောက်ခံတပ်ဖွဲ့များစွာအကြား အငြင်းပွားမှု ထပ်မံဖြစ်ပွားလာပြီး ဒီတစ်ကြိမ်မှာတော့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မူးယစ်ဆေးတရားခံကို ကာကွယ်ပေးထားတယ်လို့ ယင်းမာပင် PDF အဖွဲ့က ထုတ်ပြန် အသိပေးလာတာပါ။
ကျားသစ်နက်တပ်မတော်လို့ အမည်ခံထားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀၁၁ ထုတ်ပြန်ချက်အရ ဩဂုတ် ၁ ရက်မှာ စစ်ကိုင်းကနေ ယင်းမာပင်ကို ထွက်ခွာလာတဲ့ အံဇာတုံးကားပေါ် လိုက်ပါလာတဲ့ ခရီးသည် ၆ ဦးနဲ့အတူ မူးယစ်ဆေးတွေပါလာတယ်လို့ သတင်းအရ စောင့်ဆိုင်းနေခဲ့သလို ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေတဲ့ယာဥ်ဟာ ဩဂုတ် ၁၅ ရက်မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀၁၁ ထိန်းချုပ်နယ်မြေရောက်လာချိန် စစ်ဆေးပေမဲ့ သတင်းရတရားခံ နှစ်ယောက်ပါမလာသလို ခရီးသွားနှစ်ယောက်လည်း ပျောက်နေလို့ စစ်မေးချိန်မှ ဒီနှစ်ယောက်ဟာ မုံရွာဘက်ကို အထုပ်နဲ့ကူးသွားတယ်သိရလို့ အသွင်ယူ လိုက်ဖမ်းချိန်မှာ အမျိုးသမီးတစ်ဦးကို WY ဆေးပြားတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိတရားခံကို စစ်မေးချက်အရ ဒီမူးယစ်ဆေးတွေကို ဖားကန်နဲ့ ပုလဲ ကူးနေတဲ့ ကားပိုင်ရှင်နဲ့အတူ ဝယ်ယူဖြန့်ဖြူးနေတာလို့ သိရှိရတာကြောင့် ပုလဲမြို့နယ် တိုက်နယ် (၇) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်ပြီး တရားခံကားပိုင်ကို ဖမ်းဆီးဖို့ ကြိုးစားပေမဲ့ ပုလဲပအဖအဖွဲ့က ဆွေမျိုးတော်စပ်တဲ့ မူးယစ်ဆေးတရားခံကို ဖမ်းဆီးခွင့်မပြုဘဲ ကာကွယ်ပေးထားတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀၁၁ ထုတ်ပြန်ချက်က ဆိုပါတယ်။
မူးယစ်ဆေးတရားခံ ဖမ်းမိရေး ပုလဲမြို့နယ် တိုက်နယ် (၇) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့ ဖမ်းဆီးမခံကြောင်းနဲ့ ဒီမူးယစ်ဆေးတရားခံကို လက်နက်ကိုင် PDF တွေက မတားဆီးရဲရင် ဘယ်သူတားဆီးမလဲလို့ မေးခွန်းထုတ်ထားသလို ပုလဲမြို့နယ် တိုက်နယ် (၇) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကာကွယ်ပေးထားတဲ့ မူးယစ်ဆေးတရားခံကို အန္တရာယ်ဘယ်လောက်များများ ဖော်ထုတ်သွားမယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀၁၁ က ထုတ်ပြန်အသိပေးပါတယ်။
ခိုးဆိုးလုနှိုက် ပြန်ပေးဆွဲ ဓားပြတိုက် သတ်ဖြတ်မုဒိမ်းကျင့်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ပြည်သူတွေ လှူဒါန်းမှုလျော့ကျလာပြီးနောက်မှာ NUG နဲ့ PDF တွေရဲ့ အဓိက ဝင်ငွေဟာ မူးယစ်ဆေးဖြန့်၊ သယံဇာတခိုးထုတ်၊ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲမှုတွေက အဓိကဝင်ငွေဖြစ်လာနေသလို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်လာတဲ့ ကျပ် ဘီလျံပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးပြား သုံးသန်းကျော်နဲ့အတူ PDF သုံးဦးနဲ့ ယာဥ်မောင်း၊ စပယ်ယာတို့ကို ချင်းလက်နက်ကိုင် ဟားခါး PDF ဖမ်းဆီးမိခဲ့သလိုမျိုး မူးယစ်ဆေး ဖြန့်ချိမှုတွေ အများအပြားဟာလည်း ပသုံးလုံးအဖွဲ့တွေကြား ပိုမို ဖြစ်ပွားလာနေပါတယ်။
