၁၂. ၃. ၂၀၂၃
Written by Phyo Wei

ဆန်ပြည်ပတင်ပို့မှုတွေက နယ်စပ်မှာ ၆၅၊ ၃၅ အချိုးအတိုင်း သတ်မှတ်လိုက်တာကြောင့် တင်ပို့မှုမရှိသလောက်နည်းသွားပေမဲ့ ပြည်တွင်းစားဆန်စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး လက်လီစျေးနှုန်းအရတွက်မယ်ဆိုရင် ရွှေဘိုပေါ်ဆန်း ဆန်ဟောင်းတစ်အိတ်ဟာ ၁၃၀၀၀၀ လောက်ဖြစ်လာပါပြီ။ ဒီလိုမျိုး စျေးတွေ တက်ပြီးရင်း တက်နေရတဲ့အခြေအနေမျိုးတွေဟာ ပြည်သူတွေ ၁၅ သန်းလောက် အကူအညီလို ကြပ်တည်းနေတယ်လို့ နိုင်ငံတကာရဲ့ ဝေဖန်ဆန်းစစ်မှုတွေကို ညည်းတွားသံနဲ့ မှန်ကန်ကြောင်း အဖြေပေးသလိုဖြစ်လာမဲ့ ဒီရက်သတ္တပတ်မှာတော့ Quota ကိုင်ထားပြီး ကော်စေ့၊ သံနဲ့ သံမဏိ၊ စားသောက်ကုန်တွေ တင်သွင်းဖို့လိုင်စင်ကို ကုမ္ပဏီ ၄၀၀၀ နီးနီး ထုတ်ပေးထားပေမဲ့ တင်သွင်းမှုမရှိတဲ့ ကုမ္ပဏီတွေအကြောင်း၊ အာဏာပဋိပက္ခကြောင့် မြန်မာ့ခရီးသွားနယ်ပယ်ကနေ ထွက်သွားပေမဲ့ လက်ရှိအချိန်မှာ ခရီးသွားလုပ်ငန်းလုပ်ဖို့ Khiri ပြန်ဝင်လာတဲ့ အကြောင်းနဲ့ လက်နက်ပြ အခွန်ကောက်မှုမလိုလားပေမဲ့ ထိန်းချုပ်ဧရိယာမှာအခွန်ကောက်မယ်ဆိုပြီး NUG က ပြောလာတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

Quota ကိုင်ထားပြီး တင်သွင်းမှုမရှိတဲ့ ကုမ္ပဏီများ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တင်သွင်းခွင့်ပမာဏသတ်မှတ်ချက် (Quota) အရ ပလပ်စတစ် ကော်စေ့တင်သွင်းတဲ့ကုမ္ပဏီ (၉၂) ခု၊ ပလပ်စတစ်ကုန်ကြမ်းတင်သွင်းတဲ့ ကုမ္ပဏီ (၁၇၆၂) ခု၊ သံနဲ့သံမဏိပစ္စည်း တင်သွင်းတဲ့ကုမ္ပဏီ (၁၄၁၁) ခု၊ စားသောက်ကုန်ပစ္စည်းတင်သွင်းသည့်ကုမ္ပဏီ (၄၃၁) ခုကို တင်သွင်းခွင့် (Quota) ခွင့်ပြုခဲ့ပေမဲ့ ဒီကုမ္ပဏီတွေက တင်သွင်းမှုလုံး၀မရှိတာကြောင့် ဒီဘဏ္ဍာနှစ်အတွင်း တင်သွင်းမယ်ဆိုရင် တစ်ပတ်အတွင်းလာလျှောက်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အခွင့်အရေးထပ်ပေးခဲ့တဲ့ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။

“လိုင်စင်တွေယူထားပြီး ကုန်စည်ကို မတင်သွင်းဘူးဆိုတာက ဖြစ်နိုင်ချေအများကြီးရှိတယ်။ ပထမတစ်ချက် သူတို့က ဒီ Quota ကို ရောင်းစားဖို့ လိုင်စင်ကိုင်ထားတာလား။ ဒုတိယတစ်ချက် လိုင်စင်ကိုင်ထားပြီး မတင်သွင်းတာက ကုန်စည်ရှားပါးပြီး စျေးနှုန်းတက်အောင် ဆွဲတင်ဖို့လား။ တတိယတစ်ချက် လိုင်စင်ကိုင်ထားပေမဲ့ တရားဝင်မတင်သွင်းဘဲ မှောင်ခိုတင်သွင်းနေတာလား။ စတုတ္တတစ်ချက် ပို့ကုန်ရငွေမရှိလို့ မသွင်းတာလား။ စသည်ဖြင့်ပေါ့။ အခုဆို ပလပ်စတစ်၊ သံ၊ သံမဏိ၊ စားသောက်ကုန်တွေအဆမတန်စျေးတက်နေတာ အားလုံးအသိ။ ဒါပေမဲ့ စျေးကွက်ထဲမှာ တက်စျေးနဲ့ပစ္စည်းတွေလည်း အမြဲရှိနေတယ်။ တစ်ခုခုတော့မှားနေတာသေချာပြီ။ နောက်ပြီး တစ်နှစ်လုံး လိုင်စင်ပေးကိုင်ထားပြီး နှစ်ကုန်မှ လိုင်စင်နဲ့သွင်းတာမရှိလို့ လာလျှောက်ပါ ထပ်အခွင့်အရေးပေးတာကလည်း လွဲနေပြီ။ တကယ်ဆိုရင် လိုင်စင်ထုတ်ပေးကတည်းက သုံးလအတွင်းမလျှောက်ရင် ပိတ်ပစ်ရမှာမျိုး။ အခုက ဒီလိုင်စင်တွေကိုင်ပြီး စျေးကစားတာကို စျေးနှုန်းဆွဲတင်နေတာကို ထိုင်ကြည့်သလိုဖြစ်နေတယ်။ ဒီကုမ္ပဏီ ၄၀၀၀ လောက်ကသာ အမှန်တကယ်တင်သွင်းနေရင် စျေးကွက်ပြိုင်ဆိုင်မှုအရ စျေးအများကြီး တင်မရသလို ပစ္စည်းပြတ်ပြီဆိုတာမျိုးနဲ့ စျေးဆွဲတင်လို့လည်းမရဘူး။ ဒီတော့ လုပ်သင့်တာက ဒီကုမ္ပဏီတွေကို ခေါ်စစ်။ စျေးဆွဲတင်နေတာလား။ လိုင်စင်ပြန်ရောင်းစားနေတာလား။ တရားဝင်လိုင်စင်ကိုင်ပြီး တရားမဝင်သွင်းနေတာလားဆိုတာစစ်ဆေးရပြီး ပေါ်ပေါက်သလို အရေးယူရမှာ”လို့ စီးပွားရေးပညာရှင်တစ်ဦးက MT News ကို ပြောပါတယ်။

မှန်ပါတယ်။ စျေးကွက်အတွင်းမှာ ကုန်စည်တွေ အဆမတန်စျေးတက်နေပြီး အမှန်တကယ်တင်သွင်းလိုသူတွေ သွင်းမရဖြစ်နေတာဟာ ဒီလိုမျိုးလိုင်စင်ကိုင်ထားပြီး ပြန်ရောင်းစားဖို့ အခွင့်အရေးချောင်းနေတဲ့ ကုမ္ပဏီတွေကြောင့်လည်း အဓိက ပါဝင်နေတာဖြစ်လို့ ဒီလိုမျိုးကုမ္ပဏီတွေကို ပါဝင်ပတ်သက်သူတွေကို စစ်ဆေးကြပ်မတ် အရေးယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

ထွက်သွားတဲ့ ခရီးသွား ပြန်ဝင်လာတဲ့ တိုးတက်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှဒေသတွေမှာ ခရီးသွားလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ Khiri Travel ဟာ မြန်မာ့စျေးကွက်က နှစ်နှစ်ကြာ ရပ်နားထားပေမဲ့ အခုတော့ နစကလက်အောက်မှာပဲ မြန်မာ့စျေးကွက်အတွင်းကို ပြန်ဝင်လာပြီး ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်တော့မယ်လို့ ကြေညာလာပါတယ်။ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းတွေလဲပြိုခဲ့ပေမဲ့ ပြန်လည်နိုးထလာတဲ့အချိန်မှာ မြန်မာနိုင်ငံဟာလည်း ထိပ်တန်းစျေးကွက်တစ်ခုဖြစ်နေဆဲပါပဲဆိုတာကို ထွက်သွားတဲ့ခရီးသွားပြန်ဝင်လာတာက သက်သေပြပါတယ်။

လက်ရှိအချိန်မှာ Khiri ဟာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ မြိတ်ကျွန်းစုစတဲ့ ငြိမ်းချမ်းတဲ့ နေရာတွေကိုပဲ ဦးတည်ပြီး ပို့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်မှုတွေကို လက်ခံကြိုဆိုပြီး မိုင်းကွင်းကို အိမ်လုပ်နေကြတဲ့ ဒေသတချို့ကတော့ ဖွံ့ဖြိုးတက်မှုတွေ ဝေးကွာသွားမဲ့အပြင် နှစ်ဖက်တိုက်ပွဲတွေကြားမှာ  ကယ်ပါယူပါတစာစာနဲ့ ဆက်ဖြစ်နေဦးမှာဖြစ်ပြီး ခရီးသွားတွေနဲ့ တိုးတက် အေးချမ်းနေတဲ့ နေရာတွေကို အခုလိုပဲ မရှုစိမ့် ဆက်ဖြစ်နေတာကို တွေ့နေရဦးမှာပါပဲ။

လက်နက်ပြ အခွန်ကောက်မှုမလိုလားပေမဲ့ ထိန်းချုပ်ဧရိယာမှာအခွန်ကောက်မယ်ဆိုတဲ့ NUG

ပြည်ထောင်စုအစိုးရအဖြစ်တာဝန်ယူသူတွေဟာ နိုင်ငံတော်အဆင့်သတ်မှတ်ထားတဲ့အခွန်အခတွေကို စနစ်တကျကောက်ခံကြသလို လက်နက်ကိုင်ထားသူတွေကလည်း လက်နက်အားကိုးနဲ့ အခွန်လို့သူတို့ကိုယ်သူတို့သုံးနှုန်းပြီး ပြည်သူလူထုကတော့ ဆက်ကြေးလို့ သတ်မှတ်တဲ့ ငွေကို အတင်းအကျပ်ကောက်ခံမှုပြုတာကြောင့် မငြိမ်းချမ်းတဲ့ ကချင်တို့ ရှမ်းတို့ဒေသက ပြည်သူတွေဟာ နှစ်ဖက်စလုံးကို သတ်မှတ်နှုန်းတွေ အခွန်ဆောင်ရ၊ မတန်တဆ ဆက်ကြေးပေးရ လုပ်ကြရပါတယ်။

ဒီနေရာမှာ အခွန်နဲ့ ဆက်ကြေး ဘာကွာသလဲမေးမယ်ဆိုရင် အစိုးရတစ်ရပ်ကို အခွန်ဆောင်ရသူတွေဟာ သူ့လုပ်ငန်းအရှုံးပေါ်နေရင်၊ အမြတ်မရှိရင်၊ လုပ်ငန်းချဲ့နေရင် သတ်မှတ်ချက်နဲ့ ဘောင်ဝင်ရင် အစိုးရကို အခွန်မဆောင်လို့ရပေမဲ့ လက်နက်ကိုင်ပြီးအခွန်တောင်းသူတွေကတော့ သူတို့တောင်းတဲ့ဆက်ကြေးမပေးရင် လက်နက်အားကိုးနဲ့ပဲ ဆက်ကြေးမပေးတဲ့လုပ်ငန်းရှင်ကို သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ နေအိမ်တွေဆိုင်တွေ မီးရှို့ဖျက်ဆီးပြီး အစိုးရတစ်ရပ်လို ခုခံချေပခွင့်မပေးတာကြောင့် ဆက်ကြေးလို့ သတ်မှတ်ကြတာပါ။

လက်ရှိအချိန်မှာ NUG ကတော့ ဒီလိုမျိုး လက်နက်ပြအခွန်ကောက်တာမလိုလားပေမဲ့ ထိန်းချုပ်ဧရိယာမှာ အခွန်ကောက်မယ်လို့ ဒူဝါလရှီးလက ပြောလာတာ တွေ့ရပါတယ်။

တကယ်ဆို NUG က ဒီအခွန်ကို ၂၀၂၃ ကျမှ စကောက်နေတာမဟုတ်ဘဲ ၂၀၂၁၊ ၂၀၂၂ ကတည်းက သူတို့ကိုယ်ပိုင်ဥပဒေပြဌာန်းပြီးကောက်လို့ရတဲ့သူတွေကို ကောက်နေတာပါ။ ဒီအတွက်လည်း တချို့နေရာဒေသတွေမှာ PDF တွေက ဝါးလုံးတွေတားပြီး ခရီးသွားကားတွေ ယာဉ်တွေကို ငွေကြေးကောက်ခံနေတာတွေရှိနေပါတယ်။ ဒါပေမဲ့ အပေါ်မှာရှင်းပြသလိုပဲ လက်နက်အားကိုးနဲ့ ကောက်နေကြတာဖြစ်ပြီး ပြည်သူလူထုက မပေးချင်ကြောင်း ငြင်းချက်ထုတ်ခွင့်မရှိတဲ့အပြင် မျက်ကွယ်နေရာတွေမှာ စစ်ဆေးဖမ်းဆီးသတ်ဖြတ်တာတွေပါ လုပ်နေတာကြောင့် PDF တွေ ဆက်ကြေးကောက်တယ်လို့ ဝေဖန်ခံနေရတာလည်း ကြာနေပြီဖြစ်ပါတယ်။

ဘာလုပ်လုပ်နိုင်ငံတကာကို အတိုင်ခံနေရတဲ့ တာဝန်ခံရတဲ့တရားဝင်လက်နက်ကိုင်နဲ့ လူသတ်ဓားပြတိုက်ရင်တောင် တာဝန်ခံစရာမလိုဘဲ သူလျှို၊ ဒလန်မို့လို့ အမည်တပ်လိုက်ရုံနဲ့ ပြီးစီးသွားတဲ့တာဝန်ခံစရာမလိုတဲ့ လက်နက်ကိုင်ရဲ့ ကွာခြားချက်နှစ်ခုကြောင့်လည်း ဘယ်လိုပုံစံမျိုးအခွန်ကောက်ကောက် ကောက်နေရင်းပစ်သတ်တာမျိုး၊ ဖမ်းဆီးနှိပ်စက်ပြီး အရေးမယူတာမျိုး ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဒါကအခွန်ကောက်တာမဟုတ်ဘဲ ဆက်ကြေးတောင်းပြီး ပြည်သူလူထုကိုနှိပ်စက်တာပဲဆိုတာ NUG နားလည်မှဖြစ်မှာပါပဲလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

#mtnews #mt_news_review
#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *