MT News
၁၉. ၈. ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က ယနေ့ ဩဂုတ် ၁၉ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး(ERS) ဂြိုဟ်တုဓာတ်ပုံဒေတာ ရယူရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ COSPAS-SARSAT၊ One Way Station နှင့် ASPOS စနစ်များ ပူးပေါင်းအကောင်အထည်ဖော်ရေး၊ Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ်နှင့် နာနိုဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေး အပါအဝင် အာကာသနည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။




နိုင်ငံတော်သမ္မတ၏ ယခုခရီးစဥ်အတွင်း မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (Roscosmos) တို့အကြား ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသောအာကာသခရီးစဉ်များ၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) နှင့် ကမ္ဘာ့အနီးအာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို သြဂုတ် ၁၈ ရက်နေ့လယ်ပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြိုရှိ ကရင်မလင်နန်းတော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်တို့၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
