သက်တံ့
၁၉. ၈. ၂၀၂၆
အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားအပြီး သီတင်းနှစ်ပတ်အကြာတွင် ထိုင်းအာဏာပိုင်များက လုံခြုံရေး အရေးယူဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်လာခဲ့ရာ ယနေ့ ဩဂုတ် ၁၉ ရက်တွင် စာသင်ကျောင်းများ၌ သေနတ်သမား ရန်ပြုလာပါက တုံ့ပြန်ဆောင်ရွက်ရမည့် လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြသည်။
ဘန်ကောက်မြို့ရှိ ဆူရာဆာမွန်ထရီ (Surasamontree) ကျောင်းတွင် ကျောင်းသားများသည် “ထွက်ပြေး၊ ပုန်းအောင်း၊ ခုခံ” ဆိုသည့် လေ့ကျင့်ခန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး အနက်ရောင် ဝတ်ဆင်ထားသည့် ရဲအရာရှိတစ်ဦးက ပစ္စတိုသေနတ်၊ သေနတ်ကျည်ဆံမပါသည့် ရိုင်ဖယ်သေနတ်တို့ဖြင့် သေနတ်သမားအဖြစ် ဟန်ပြပါဝင်ဆောင်ရွက်ခဲ့သည်။

ကျောင်းသားများသည် သေနတ်သမားထံမှ ထွက်ပြေးကြပြီး စားပွဲအောက်များနှင့် သော့ခတ်ထားသည့် တံခါးများနောက်တွင် ပုန်းအောင်းခဲ့ကြသလို အချို့က ဝင်ပေါက်များကို ပရိဘောဂများဖြင့် ပိတ်ဆို့ခဲ့ကြသည်။ အခြေအနေတစ်ခုတွင်မူ သေနတ်သမား စာသင်ခန်းအတွင်း ဝင်ရောက်လာပြီးနောက် ကျောင်းသားများက ၎င်းကို လုံးထွေးသိုင်းဖက်ကာ ချုပ်နှောင်ထားခဲ့ကြသည်။
အဆိုပါ လေ့ကျင့်ခန်းများသည် ပညာရေးဝန်ကြီး မစ္စတာ ပရာဆတ် ဂျန်တာရာရမ်တောင် (Prasert Jantararuangtong) က စာသင်ကျောင်းများအနေဖြင့် လုံခြုံရေး အစီအစဉ်များ ရေးဆွဲရန်နှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်ထားရန် ဩဂုတ် ၁၀ ရက်က ညွှန်ကြားချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“ဒီလို ခြိမ်းခြောက်မှုက ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်တဲ့ ခေတ်သစ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တာကြောင့် စာသင်ကျောင်းတိုင်းက တုံ့ပြန်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့၏ ကင်းလှည့်နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ခွဲ၊ ဗုံးရှင်းလင်းရေး တပ်ဖွဲ့အကြီးအကဲ မစ္စတာ ဝိဆစ်ဆပ် ဝိပတ်တနာမွန်ခို (Visitsak Vipattanamongkol) က ပြောကြားခဲ့သည်။
Ref: SCMP
