၁၉.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံအနီးတွင် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူအမျိုးသားမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ကျုံဒါရွာဘက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“သူရေနစ်သွားတာ နည်းနည်းကြာသွားတယ်။ အောက်ရေက စီးနေတော့ ရေစီးနဲ့မျောပြီး မြုပ်နေတာ။ သူ့ကိုလိုက်ရှာရင်း သူ့ခြေထောက်က်ို နင်းမိမှ သိတာ”ဟု ရေနစ်သေဆုံးသူကို ဆယ်ယူခဲ့သူတစ်ဦးက ပြောသည်။





ရေနစ်သေဆုံးသူကို ကရုဏာကမ်းလက်အသင်းမှ အသင်းဝင်များက ဆယ်ယူ၍ သက်ဆိုင်ရာထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၇ ရက် ညနေပိုင်းက ဟင်္သာတခရိုင်၊ တလုတ်ထော်မြို့နယ်၊ လဟာပကျေးရွာတွင် ရေထပ်မံမြင့်တက်လာမှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ယာယီခိုလှုံနေထိုင်သော ဘုန်းတော်ကြီးကျောင်းမှ နေအိမ်သို့ ခေတ္တပြန်ကြည့်စဥ် လမ်းခုလတ်၌ ခြေချော်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ သြဂုတ်လ ၅ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ရေဘေးကူညီကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သူ အသက် ၂၀ အရွယ်လူငယ်တစ်ဦးမှာ ရေဘေးသင့်သူများကို ထမင်းထုပ်ဝေပြီးအပြန်တွင် လူသွားရန်ကြိုးတန်းထားသောကြိုးကို လက်မှကိုင်၍ ကမ်းကူးရာမှ လက်မှလွတ်သွားကာ ရေစီးဖြင့်မျောပါပြီး ရေနစ်သေဆုံးခဲ့သည်။
ဩဂုတ်လ ၃ ရက် ညနေပိုင်းကလည်း ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်အောက်ထပ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၆၉ နှစ်အရွယ် အဘွားအိုတစ်ဦး၏ ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်ကာ ရေစီးဆင်း၍ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့်ကျောင်းကုန်းမြို့နယ်ရှိ ရပ်ကွက် ဆယ်ခု နှင့်ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံများက ရေဝင်နစ်မြုပ်နေသော နေအိမ်များမှ ပြည်သူများကို ရှာဖွေကာ ဘေးလွတ်ရာသို့ ကယ်ဆယ်ပေးခြင်း၊ အစားအစာနှင့် သောက်သုံးရေ၊ ဆေးဝါးများကို လိုက်လံပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငဝန်ပန်းတာမှ ရေဝင်ရောက်မှုကိုလည်း ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နည်းပညာသုံး အင်ဂျင်နီယာဆိုင်ရာ တားဆီးမှုများဖြစ်သည့် Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile (သံမဏိတိုင်များ) ရိုက်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
