သက်တံ့
၁၉. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ရှိ ဖခင်တစ်ဦးသည် မူးယစ်ဆေးဝါးမှုဖြင့် ဝရမ်းထုတ်ခံထားရသည့် သားဖြစ်သူ ဖမ်းဆီးမခံရဘဲ ထွက်ပြေးလွတ်မြောက်နိုင်ရန် ရဲတပ်ဖွဲ့ကို ခုခံတားဆီးစဉ် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့သည်။
အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (NSB) တပ်ဖွဲ့ခွဲ (၃) မှ အရာရှိများနှင့် စစ်သည်များသည် ရောင်းချရန် ရည်ရွယ်၍ ယာဘ (Yaba) စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိမှုဖြင့် ဝရမ်းထုတ်ခံထားရသူ အသက် ၁၉ နှစ်အရွယ် ဆင်လာချိုင်း (Sinlachai Prangpai-ngam) ကို ဖမ်းဆီးရန်အတွက် ချင်းရိုင်မြို့နယ်၊ ဟွေချွမ်ဖူ (Huai Chomphu) ကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်သို့ မနေ့က ဩဂုတ် ၁၈ ရက်တွင် သွားရောက်ရှာဖွေခဲ့ကြသည်။
သို့သော် ဆင်လာချိုင်းနှင့် ၎င်း၏ဖခင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဝီရဖန် (Weeraphan) တို့သည် သေနတ်ရှည်၊ ဓားရှည်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် လက်နက်ကိုင် ခုခံခဲ့ကြသဖြင့် အရာရှိများသည် ရောက်ရှိပြီး မကြာမီမှာပင် အဆိုပါ နေရာမှ ခေတ္တဆုတ်ခွာခဲ့ကြရသည်။

ထိုအချိန်တွင် မမျှော်လင့်ဘဲ ဝီရဖန်၏ လက်ထဲရှိ ဗုံးမှာ အလိုအလျောက် ပေါက်ကွဲသွားခဲ့ပြီး ၎င်းမှာလည်း ဗုံးစထိမှန်သေဆုံးသွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ရဲအရာရှိတစ်ဦးဖြစ်သူ ဖုန်းဆက် (Phongsak Khlangthaisong) လည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ ဖုန်းဆက်ကို ချင်းမိုင်မြို့၊ ဖန်း (Fang) ခရိုင်ရှိ ဖန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာ၌ ဆက်လက်စုံစမ်းစစ်ဆေးရန် မှုခင်းဆရာဝန်၊ အစိုးရရှေ့နေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများ၊ မှုခင်းဆရာဝန်အဖွဲ့နှင့် ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်များ၏ အကူအညီကို ရယူခဲ့သည်။
အရာရှိများသည် နေအိမ်အတွင်းမှ သေနတ်ရှည်တစ်လက်နှင့် အပြင်ဘက်မှ ဓားရှည်တစ်ချောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပြီး သေဆုံးသူ၏ ခါးကြားတွင်လည်း Revolver ပစ္စတိုတစ်လက်ကို တွေ့ရှိခဲ့ကြသည်။
ဝီရဖန်၏ ပြစ်မှုဆိုင်ရာ မှတ်တမ်းများကို ထပ်မံစစ်ဆေးရာတွင် ၎င်းသည်လည်း ဒေသတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုဖြင့် ဝရမ်းထုတ်ခံထားရသူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။
ThaiRath သတင်း၏ ဖော်ပြချက်အရ သားဖြစ်သူ ဆင်လာချိုင်းသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်ကာ ၎င်းကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ယခုလအစောပိုင်းက နရာသီဝပ် (Narathiwat) ရှိ ဆီအုန်းစိုက်ခင်းတစ်ခုအတွင်း မူးယစ်ဆေးဝါး တရားခံများကို ပစ်မှတ်ထား နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ခုတွင် သံသယရှိသူတစ်ဦးသည် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကာ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ရဲအရာရှိ နှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ သေနတ်ခတ်မှုအတွင်း အခြားအရာရှိ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဖူးခက် (Phuket) တွင် ငှားရမ်းနေထိုင်သည့် အခန်းတစ်ခုအတွင်း မူးယစ်ဆေးဝါး ရောင်းချသူကို ဖမ်းဆီးသော စစ်ဆင်ရေးတစ်ခုတွင်လည်း ထိုင်းရဲအရာရှိတစ်ဦး သေဆုံးခဲ့ရသည်။ ထို့နောက် အခြားအရာရှိများသည် အခန်းအတွင်းသို့ အသက်စွန့်ဝင်ရောက်ခဲ့ကြပြီး ဖမ်းဆီးမှုကို ဆက်လက်ခုခံနေသည့် သံသယရှိသူကို ပစ်ခတ်နှိမ်နင်းခဲ့ကြသည်။
Ref : Thaiger
