Screenshot
သက်တံ့
၁၉. ၈. ၂၀၂၆
မြန်မာနိုင်ငံမှာ ဆောက်လုပ်လှူဒါန်းထားတဲ့ စာသင်ကျောင်းကို သွားရောက်ပြီး ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တခဲရု စဲဂါဝါက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
လူမှုကွန်ရက်မှာ တခဲရုဟာ ကျောင်းသူကျောင်းသား ကလေးငယ်တွေရှေ့ ကစ်ဘောက်ဆင် ခြေစွမ်းပြခဲ့သလို ဆရာမတွေ၊ ကလေးငယ်တွေနဲ့ ကစ်ဘောက်ဆင် ဆော့ပြ သင်ကြားပြတဲ့အပြင် ကလေးငယ်တွေနဲ့ ပျော်ရွှင်နေတဲ့ ရုပ်သံဖိုင်လည်း တင်ထားတာ တွေ့ရပါတယ်။
“လွန်ခဲ့တဲ့နှစ်က ကျွန်တော် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံက ကျောင်းမှ ကလေးငယ်တွေနဲ့ သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အာဏာထိန်းသိမ်းမှုနဲ့ ပြည်တွင်းက စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အဲဒီနေရာကို မသွားနိုင်တာ အတော်လေး ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုတော့ သူတို့လေးတွေဆီ နောက်ဆုံးမှာ သွားရောက်တွေ့ဆုံနိုင်ခဲ့ပါပြီ။ ကလေးငယ်တွေအားလုံး ပျော်ရွှင်နေကြတာကို မြင်ရလို့ ဝမ်းသာမိပါတယ်။” လို့ တခဲရုက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။



ဒေသတွင်းသတင်းတွေအရ တခဲရု ဆောက်လုပ်လှူဒါန်းထားတဲ့ စာသင်ကျောင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်မှာရှိတဲ့ ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ သုံးဆောင်တွဲ ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တာလို့ ဖော်ပြနေပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တခဲရုက ဖော်ပြထားမှု မရှိပါဘူး။
တာခဲရုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ONE SAMURAI 1 ပြိုင်ပွဲကြီးမှာ သူ့ရဲ့ ထိုင်းပြိုင်ဘက် ရော့ထန် (Rodtang) ကို ငါးချီမြောက်မှာ အလဲထိုး (TKO) နဲ့ အနိုင်ယူပြီး ONE Interim Flyweight Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ၅၁ ပွဲမြောက် နောက်ဆုံးပွဲစဉ်ဖြစ်ပြီး နိုင်ပွဲ ၄၆ ပွဲ (အလဲထိုး ၂၈ ပွဲ) ဆိုတဲ့ စံချိန်တင် မှတ်တမ်းနဲ့အတူ အောင်မြင်စွာ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ K – 1 ဝိတ်တန်း သုံးမျိုးစလုံးရဲ့ ကစ်ဘောက်ဆင် ချန်ပီယံဖြစ်တဲ့ ကမ္ဘာကျော်တိုက်ခိုက်ရေးသမား တခဲရုဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က မြန်မာဖိုက်တာ သန့်ဇင်နဲ့ထိုးသတ် အနိုင်ရအပြီး မြန်မာနိုင်ငံရေဘေးအတွက် လှူဒါန်းပေးခဲ့သလို လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း စာသင်ကျောင်းတွေနဲ့ ထောက်ကူပစ္စည်းတွေ လှူဒါန်းပေးခဲ့လို့ ၂၀၂၅ ခုနှစ်မှာ Victoria Lee Award (လူမှုထူးချွန်ဆု) နဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။ (Photo – Credit)
