◾️ မြန်မာနိုင်ငံ တောင်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံ ပူးတွဲတည်ဆောက်ရေး မော်စကိုနှင့် နေပြည်တော် မျှော်မှန်း
◾️ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုရန် စီစဉ်ဆောင်ရွက်ကာ ပြည်တွင်းသုံးစွဲမှုအပြင် အိမ်နီးချင်းနိုင်ငံများသို့ ပိုက်လိုင်းမှတစ်ဆင့် ဖြန့်ဖြူးရန်ပါ ရည်မှန်း
သတိုး
၁၉. ၈. ၂၀၂၆
ရုရှားကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်သည့် စွမ်းအင်ကဏ္ဍ (Hydrocarbon Exploration and Production Projects) ဆိုင်ရာ စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အင်္ဂါနေ့ (ဩဂုတ် ၁၈ ရက်) တွင် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများအပြီး မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပူတင်က နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တောင်ပိုင်း၌ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံ ပူးတွဲတည်ဆောက်ရေးကို ထည့်သွင်းစဉ်းစားနေကြောင်း ပြောကြားခဲ့ပြီး စွမ်းအင်ကဏ္ဍသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံဆီ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုကို စီစဉ်ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိပါတယ်။ ပြည်တွင်းသုံးစွဲဖို့အတွက်တင်မကဘဲ အိမ်နီးချင်းနိုင်ငံတွေကို ပိုက်လိုင်းကနေတစ်ဆင့် ဖြတ်သန်းဖြန့်ဖြူးပေးဖို့အတွက်ပါ ပါဝင်ပါတယ်” ဟု ပူတင်က ပြောသည်။
နှစ်နိုင်ငံအနေဖြင့် အဓိက ပူးတွဲစီမံကိန်း အများအပြားကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေပြီး အစိုးရချင်းနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် မူဘောင်များကို အတည်ပြုခဲ့ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
မော်စကိုနှင့် နေပြည်တော်တို့သည် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ရေနက်ဆိပ်ကမ်းတစ်ခုကို မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း (ထားဝယ်ရေနက်ဆိပ်ကမ်း) တွင် တည်ဆောက်ရန် အစီအစဉ်များကိုလည်း ဆွေးနွေးလျက်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံကြား နီးကပ်သည့် စစ်ရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ရေတပ်လေ့ကျင့်ခန်းတွေကို မြန်မာနိုင်ငံ ကမ်းလွန်မှာ ပုံမှန်ပြုလုပ်လျက်ရှိပါတယ်။ ရုရှား ရေတပ်သင်္ဘောတွေဟာလည်း မြန်မာနိုင်ငံ ဆိပ်ကမ်းတွေကို လာရောက်ဆိုက်ကပ်လေ့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ပြုလုပ်ခဲ့သည့် ရုရှား-မြန်မာ ဆွေးနွေးပွဲများအပြီးတွင် နှစ်နိုင်ငံလုံးက ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်းနှင့် ထိုပိတ်ဆို့မှုများ၏ ဆိုးကျိုးများကို လျှော့ချနိုင်ရေး ကြိုးပမ်းသွားမည်ဆိုသည့် ပူးတွဲကြေညာချက်အပြင် အီလက်ထရွန်နစ်စက်မှုလုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများအပါအဝင် စာချွန်လွှာ ၁၂ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
Ref: Anadolu Agency
