သက်တံ့
၁၉. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ နောင်ခိုင်မြို့ လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် မဲခေါင်မြစ်ကို ဖြတ်ကျော်ကာ ပတ်စပို့ (နိုင်ငံကူးလက်မှတ်) မပါဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ် အမျိုးသား လေးဦးနှင့် ထိုင်းလူမျိုး ယာဉ်မောင်း တစ်ဦးကို ဩဂုတ် ၁၈ ရက်က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
နောင်ခိုင် လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာ အရာရှိများသည် သာဘို (Tha Bo) ခရိုင်သို့ ဦးတည်မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးကို နောင်ခိုင်မြို့ရှိ လမ်းဆုံတစ်ခုတွင် တားဆီးစစ်ဆေးခဲ့ကြသည်။ အဆိုပါ ယာဉ်ကို ဖရေး (Phrae) ခရိုင်မှ အသက် ၄၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် အသက် ၂၂ နှစ်မှ ၂၆ နှစ်ကြားရှိ တရုတ် အမျိုးသား လေးဦး လိုက်ပါလာခဲ့သည်။

အရာရှိများသည် ကားနောက်ဖုံးအတွင်းမှ ရွှံ့နွံများ ပေကျံနေသည့် ကျောပိုးအိတ် ခုနစ်အိတ်ကို တွေ့ရှိခဲ့ကြသည်။ အိတ်များအတွင်းမှ လပ်တော့ကွန်ပျူတာများ၊ အင်တာနက် လိုင်းဆွဲစက်များ (Signal Transmitters) နှင့် ဖုန်းအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် အဆိုပါ အမျိုးသား ငါးဦးကို မေးမြန်းစစ်ဆေးရန် နောင်ခိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။
စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် တရုတ် အမျိုးသား လေးဦးက အဆိုပါ ပစ္စည်းများ မည်သူပိုင်မှန်း မသိရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
ထိုင်း ယာဉ်မောင်းကမူ ၎င်းသည် နောင်ခိုင်မြို့၊ ဖုန်းဖိဆိုင် (Phon Phisai) ခရိုင်ရှိ မဲခေါင်မြစ်အနီးမှ ထို အမျိုးသား လေးဦးကို သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့သည် အိမ်နီးချင်း လာအိုနိုင်ငံမှ မဲခေါင်မြစ်ကို လှေငယ်တစ်စီးဖြင့် ဖြတ်ကူးလာကြခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၎င်းအနေဖြင့် ထိုအဖွဲ့ကို ဖိစနုလုတ် (Phitsanulok) သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားသူတစ်ဦးက လာရောက်ခေါ်ဆောင်ကာ မြန်မာနိုင်ငံသို့ ဆက်လက် ပို့ဆောင်မည်ဖြစ်ကြောင်း၊ တစ်ဦးလျှင် ဘတ် ၆,၀၀၀ ရရှိမည်ဟု ကတိပြုထားကြောင်း ယာဉ်မောင်းက ထွက်ဆိုခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသားများထံတွင် မည်သည့် ပတ်စပို့မှ ရှာဖွေမတွေ့ရှိခဲ့ဟု အရာရှိများက ပြောသည်။
စုံစမ်းစစ်ဆေးသူများသည် တရုတ်နိုင်ငံသား ရှစ်ဦး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမည်ဖြစ်ကြောင်း ကြိုတင် သတင်းရရှိထားခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ပြုလုပ်သည့် နှိမ်နင်းမှုများကြောင့် ထွက်ပြေးလာကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံကို ဖြတ်၍ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ယူဆထားကြသည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အဆိုပါ အဖွဲ့သည် ခရီးသွားနေစဉ်အတွင်း အင်တာနက်လိုင်း မပြတ်တောက်စေသည့် ပစ္စည်းများကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က အဆိုပါ ခရီးစဉ်သည် မြန်မာနိုင်ငံသို့ အွန်လိုင်းငွေလိမ်လုပ်ငန်းများ (Scam operations) ရွှေ့ပြောင်းခြင်းနှင့် ဆက်စပ်နိုင်သည်ဟု ယူဆထားပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ထိုင်းစစ်တပ် နယ်ခြားစောင့်တပ်များသည် အာရညပရာသေတ် (Aranyaprathet) ခရိုင်ရှိ သဘာဝနယ်စပ် လမ်းကြောင်းမှတစ်ဆင့် ဘန်ကောက်မြို့သို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန် တရားမဝင် ဝင်ရောက်လာသည့် တရုတ် အမျိုးသား သုံးဦးကို ဆာကဲအို (Sa Kaeo) ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သေးသည်။
Ref : Thaiger
