၁၉.၈.၂၀၂၆
Written By Thandar
ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးက ကျေးလက်သဘာဝ မိသားစုဇာတ်လမ်းပုံစံ “ရေသယာ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာဝိဇယဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ရေသယာဆိုတဲ့ ရွာလေးက ကျွန်တော်တို့က ဒီ မြန်မာပြည် အလယ်ပိုင်းပေါ့နော်။ မြင်းခြံမြို့၊ ဧရာဝတီမြစ်ကမ်းဘေးမှာ တကယ်ရှိတယ်။ အခုလည်း ရှိတယ်။ အဲ့ဒီနားမှာလည်း ကျွန်တော်က လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့နော်…ကျွန်တော် ဟို Canal+ အတွက် ဇာတ်ကားလေး သွားရိုက်တုန်းက သုံးလလောက် ကျွန်တော် နေခဲ့ဖူးတယ်ပေါ့နော်။ အဲ့မှာ ထူးဆန်းတာလေးတစ်ခုက ဘာတွေ့လဲဆိုတဲ့အခါကျတော့ အဲ့ဒီရွာရဲ့ နာမည်ကို နာမည်ဘုတ်မှာရေးထားတာက ‘ရွာသာယာ’ တဲ့။ ရွာသာယာဆိုပေမဲ့ အဲ့ဒေသတစ်ခုလုံးနဲ့ အဲ့တစ်ရွာလုံးက သူတို့ကိုယ်သူတို့ ‘ရေသယာ’ လို့ပဲ ပြောကြတဲ့ အသုံးအနှုန်းကို သဘောကျလို့ ဒီဇာတ်လေးနဲ့ ရိုက်ဖြစ်တာပါ”လို့ ဒါရိုက်တာ ပြည့်ဖြိုးဟန်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ရွှေပြည့်၊ ဇာတ်ညွှန်းအေးကြည်သာဟန်နဲ့ ရွှေပြည့်၊ ဒါရိုက်တာပြည့်ဖြိုးဟန်က မြင်းခြံဒေသဘက်မှာ ဩဂုတ်လ တတိယအပတ်လောက်မှာ ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။
သရုပ်ဆောင် ဝေဠုကျော်၊ ဖြိုးငွေစိုး၊ ကျော်ဆု၊ ဘုန်းမင်းနေလ၊ နေသစ်အေးအောင်၊ ဝေဖြိုး၊ သက်ဦးကို၊ ဝေလာရီ၊ အေးသန္တာဗိုလ်၊ ထက်ထက်လင်းလက်၊ ခင်ဇာခြည်ကျော်၊ သုန္ဒြေဦး၊ အေးအေးအောင်နဲ့ သရုပ်ဆောင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။
“ဝေလာကရော ဒါကျေးလက်က ကျောင်းဆရာမလေးအဖြစ် မြင်ရမှာပါ။ ငယ်ငယ်တုန်းကလည်း အဲ့လိုမျိုးကြီးလာရင် ကျောင်းဆရာမလုပ်မယ် အဲ့လိုမျိုး စိတ်ကူးလေးတော့ ရှိတယ်။ သူများကို စာရှင်းပြရတာ အဲ့လိုလေးတွေ ကြိုက်တယ်ပေါ့နော်။ ဒီလိုမျိုး ဇာတ်ကောင်နေရာကလည်း သဘောကျပါတယ်”လို့ သရုပ်ဆောင် ဝေလာရီက ပြောပါတယ်။
#ဝေဠုကျော် #ဖြိုးငွေစိုး #ကျော်ဆု #ဘုန်းမင်းနေလ #ဝေဖြိုး #ဝေလာရီ #အေးသန္တာဗိုလ် #ထက်ထက်လင်းလက် #ခင်ဇာခြည်ကျော် #PhyoNgweSoe #KyawSu #WaiLaRi #ShweNadiShweYiProduction #ရေသယာဇာတ်လမ်းတွဲ








