၁၉.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခုနှင့် မြို့နယ်များတွင် အခွန်လွတ်ဈေးများ ထပ်မံဖွင့်လှစ်ရန်အစီအစဉ် မရှိသေးဘဲ လမ်းဘေးဈေးသည်များကို မြေလွတ်ရှိသည့် ဈေးများအတွင်း ထည့်သွင်းရောင်းချရေး ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မှ ဩဂုတ် ၁၈ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လှိုင်မြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ဦးစံကျော်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခုနှင့် မြို့နယ်များတွင် အခွန်လွတ်ဈေးများ ဖွင့်လှစ်ပေးရေးနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားခဲ့ရာတွင် ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က “လတ်တလောမှာ အခွန်လွတ်ဈေးများ ထပ်မံဖွင့်လှစ်ဖို့ အစီအစဉ် မရှိသေးသော်လည်း ရပ်ကွက်အတွင်း လမ်းများပေါ်မှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည်များကို ဈေးနဲ့နီးစပ်တဲ့ အခြေအနေပေးတဲ့ မြေလွတ်ရှိတဲ့ ဈေးများအတွင်း ထည့်သွင်းပြီးတော့မှ စနစ်တကျ ရောင်းချနိုင်ရေးအစီအစဉ် ဆောင်ရွက်ပေးနေတဲ့အပြင် မြေနေရာရှိတဲ့ နေရာများမှာ ဈေးသစ်များ ဖော်ဆောင်ပေးခြင်းကို လက်ရှိ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း၌ ရွှေပြည်သာမြို့နယ်တွင် ရွှေပြည်သာအခွန်လွတ်ဈေး၊ လှိုင်သာယာမြို့နယ်တွင် လှိုင်သာယာအခွန်လွတ်ဈေး၊ မရမ်းကုန်းမြို့နယ်တွင် ဂန္ဓမာအခွန်လွတ်ဈေး၊ တာမွေမြို့နယ်တွင် တာမွေအခွန်လွတ်ဈေး၊ ဒဂုံမြို့နယ်တွင် ပန်တျာအခွန်လွတ်ဈေး၊ သာကေတမြို့နယ်တွင် ဟံသာဝတီ အခွန်လွတ်ဈေးတို့ကို ဖွင့်လှစ်ထားပြီး ဆိုင်အခွန်အခများ၊ ကောက်ခံခြင်းများမပြုဘဲ ပြည်သူများအနေဖြင် ဒေသထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ဖို့အတွက် အစီအစဉ် ဆောင်ရွက်ပေးလျက်ရှိပြီးကြောင်း သိရသည်။
ဆက်လက်၍ အသားနှင့် ငါးများကို မြို့နယ်အသီးသီးရှိ ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများ စီစဉ်၍ သက်သာသော ဈေးနှုန်းဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိပြီး ထပ်မံ၍ ဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်းကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပိုင်ဆိုင်မှုအောက်ရှိ ဈေးများတွင် ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေး လာမည့်လများတွင် စတင်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားခဲ့သည်။
